ဖားကန့်တွင် စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်း၊ သေဆုံးနှင့် ဖမ်းဆီးခံရသူများရှိ

By အဂမ် (မဇ္ဈိမ)
21 June 2023
ဖားကန့်တွင် စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်း၊ သေဆုံးနှင့် ဖမ်းဆီးခံရသူများရှိ
Photo - ဝင်ရောက်စီးနင်းခံရသည့် KIO တိုက်နယ်ရုံး မီးရှို့ဖျက်ဆီးခံထားရပုံ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့၍ သေဆုံးနှင့် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက်(၃)ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေးတိုက်နယ်ရုံးကို ဇွန်လ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ရုံးအစောင့်အပြင်  အနီးပတ်ဝန်း ကျင်ရှိ ပြည်သူများကိုပါ ဖမ်းဆီးသွားခဲ့ကြောင်း ဖားကန့်မြို့မှ KIA အရာရှိတဦးက ဆိုသည်။

“ ဒီမနက်မှ ရုံးကိုမီးရှို့လိုက်တာ။ စစ်သားတွေဝင်စီးတဲ့အချိန်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ ရုံးအတွင်းမှာ ရှိတဲ့သူတွေအပြင် အနီးတဝိုက်မှာနေတဲ့ ပြည်သူတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်။ ဒီမနက်မှ လူမှုကူညီရေးအသင်းတွေက ထိခိုက်ထားတဲ့သူတွေကို လာသယ်သွားတာ” ဟု ၎င်းကပြောသည်။

တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သူနှင့် သေဆုံးသူ  ၁၂ ဦးခန့်ရှိခဲ့ကာ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရ ကြောင်း မဇ္ဈိမ၏မြေပြင်သတင်းအဖွဲ့မှ ကနဦးစုံစမ်းသိရှိထားပြီး အတိအကျကို အတည်ပြုဖော်ပြနိုင် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စီးနင်းမှုအပြီးတွင် KIA ကဖမ်းဆီးထားသည့် အကျဉ်းသားများကိုလည်း စစ်ကောင်စီတပ်က ခေါ်ဆောင် သွားကြောင်း KIA သတင်းရင်းမြစ်က ပြောကြားသည်။
“KIA ကဖြေရှင်းရမယ့် အကျဉ်းသား တွေရှိတယ်လေ။ သူတို့ခေါ်ထားတာ။ သတင်းက အကုန်မရသေးဘူး။ သေတဲ့သူလည်းရှိတယ်လို့ပြောတယ်။ သေချာတော့ မသိသေးဘူး။ အဲဒီမှာစစ်သားတွေရှိနေသေးတော့ သတင်းသေချာယူဖို့က ခက်နေသေးတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးအတွင်း  အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ကဝင်ရောက်စီးနင်ခဲ့၍ KIA အရာရှိများအပါအဝင် အရပ် သား ၃၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသေးသည်။

Photo - ဝင်ရောက်စီးနင်းခံရသည့် KIO တိုက်နယ်ရုံး မီးရှို့ဖျက်ဆီးခံထားရပုံ။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly