ထိုင်း၏ PTTEP က မြန်မာ၌ ဇောတိက ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းကို အသစ်တစ်ဖန် ပြန်စရန် စီစဉ်

ထိုင်း၏ PTTEP က မြန်မာ၌ ဇောတိက ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းကို အသစ်တစ်ဖန် ပြန်စရန် စီစဉ်

ထိုင်း ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ PTT ၏ လုပ်ငန်းခွဲဖြစ်သည့် PTTEP International (PTTEPI) သည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ရှိ ဇောတိကကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်တွင် စီမံကိန်းအသစ် ပြန်စရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ဝေဖန်မှုများနှင့် ရင်ဆိုင်နေရလင့်ကစား ထိုင်း၏ PTTEP သည် ထို စီမံကိန်းကို ရှေ့တိုးလုပ်ဆောင်ရန် ရှိနေကြောင်း Upstream Online ၏ မကြာသေးခင်က သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

PTTEP သည် ၂၀၂၂ ၊ ဖေဖေါ်ဝါရီတွင် ကမ်းလွန် မုတ္တမရှိ M-3 လုပ်ကွက်တွင် အောင်သင်္ခ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၊ ရှာဖွေဖော်ထုတ်ရေးနှင့် စမ်းသပ်မှုတို့ကို လုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ဖော်ကြောင်း စစ်ကောင်စီ ထိန်းချုပ်သည့် မီဒီယာက ဖော်ပြသည်။

PTTEP သည် M-3 လုပ်ကွက်တွင် အော်ပရေတာအဖြစ် ရှယ်ယာ ၈၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး အစုရှယ်ယာ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် MOECO Mitsui Oil Exploration ကုမ္ပဏီက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းထုတ်ယူပြီးနောက်တွင် PTTEP သည် ၁၀၀ ရာခိုင်နှုန်း ရှယ်ယာများ ထိန်းသိမ်းသူ ဖြစ်လာခဲ့သည်။

၂၀၁၉ မှ ၂၀၂၃ အထိ ဇောတိက ဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျင် ဓာတ်ငွေ့ ကုဗပေ ပျမ်းမျှ ၃၂၄ ခန့် ထုတ်လုပ်မည် ဖြစ်ပြီး ၂၀၂၄ တွင် တစ်နေ့လျင် ဓာတ်ငွေ့ပျမ်းမျှ ၄၀၀ ကုဗပေ တိုးမြှင့်ထုတ်လုပ်သွားနိုင်မည်ဟု မျှော်မှန်းထားကြောင်း အစောပိုင်းက PTTEP က ပြောသည်။

မြန်မာတွင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် ထိုင်း ပိုင်ဆိုင်သော PTT နှင့် တောင်ကိုရီးယား အခြေစိုက် POSCO တို့သည် မြန်မာတွင် ဆက်လက် လုပ်ကိုင်နေကြဆဲဖြစ်သည်။ PTTEP သည် ရတနာစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသလို POSCO သည် ရွှေ ဓာတ်ငွေ့ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည်။

ရဲတံခွန် ကမ်းလွန် ဓာတ်ငွေ့ လုပ်ကွက်နှင့် ကပ္ပလီပင်လယ်ရှိ ရေနံစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားသော အခြားသော နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီအားလုံးသည် ၎င်းတို့၏ စီမံကိန်းများမှ အပြီးအပိုင် ထွက်ခွာမည် ဖြစ်ကြောင်း ဧပြီလက ထုတ်ဖော်ကြေညာသည်။

မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နယ်ပယ်မျက်နှာစာအားလုံးတွင် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့စဉ် ပြင်သစ်မှ Total နှင့် အမေရိကန်မှ Unocal ၊ Chevron တို့ကဲ့သို့သော နိုင်ငံတကာ စွမ်းအင်လုပ်ငန်းကြီးများသည် ၎င်းတို့၏ လုပ်ငန်းများကို ရပ်တန့်ပြီး မြန်မာမှ ထွက်ခွာသွားကြသည်။

မြန်မာရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် စစ်ကောင်စီအတွက် နှစ်စဉ် နိုင်ငံခြားငွေအလဲအလှယ် ဒေါ်လာ ၁ ဘီလီယံကျော်အထိ ထောက်ပံ့ပေးသည်။ စွမ်းအင်ကဏ္ဍသည် စစ်ကောင်စီအတွက် အဓိက နိုင်ငံခြားငွေအလဲအလှယ် ရင်းမြစ် ဖြစ်သည်။
အဆိုပါ ဓာတ်ငွေ့ တင်ပို့မှု ဝင်ငွေအများစုသည် ထိုင်း၊ တရုတ်တို့နှင့် ဆက်နွယ်သည့် ဓာတ်ငွေ့ ပိုက်လိုင်းများမှ လာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly