ရွှေ့ပြောင်းဝင်ရောက်သူများကို ထိန်းချုပ်ရေး မြန်မာနယ်စပ်၌ စည်းရိုးကာရန် အိန္ဒိယ စီစဉ် 

ရွှေ့ပြောင်းဝင်ရောက်သူများကို ထိန်းချုပ်ရေး မြန်မာနယ်စပ်၌ စည်းရိုးကာရန် အိန္ဒိယ စီစဉ် 

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် နောက်ထပ် ကီလိုမီတာ ၇၀ စည်းရိုးတည်ဆောက်သွားရေးအတွက် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်က စီစဉ်လျက် ရှိသည်ဟု ပြည်နယ်ဝန်ကြီးချုပ် အင်န် ဘီရန်ဆင်းချ်က ယခင် တွစ်တာဖြစ်သော X လူမှုမီဒီယာတွင် ရေးသားသည်။ 

ထို အစီအစဉ်သည် မြန်မာဘက်မှ တရားမဝင် ဝင်ရောက်သူများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများ မြင့်တက်နေခြင်းကို ထိန်းချုပ်ရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။ 

“နယ်စပ် လမ်းတံတားအဖွဲ့ BRO က တာဝန်ရှိသူတွေနဲ့ စည်းဝေးပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် နယ်စပ်စည်းရိုး ထပ်တိုး ၇၀ ကီလိုမီတာ ကာရံသွားဖို့ တည်ဆောက်ရေးတွေ စတင်မယ့် အစီအစဉ်ကို ဆွေးနွေးသုံးသပ်ခဲ့တယ်၊ အိမ်နီးချင်း မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်သူတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုတွေ မြင့်တက်လာတာကြောင့်ပဲ၊ စိမ့်ဝင်နိုင်တဲ့ နယ်စပ်တလွှားမှာ ဘေးကင်းလုံခြုံရေးက အရေးပေါ် လိုအပ်ချက် ဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။ 

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် လွတ်လပ်စွာ သွားလာနိုင်ခွင့်ကို ဖျက်သိမ်းရန်နှင့် နယ်စပ်စည်းရိုး အပြီးသတ်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ မဏိပူရ် ဝန်ကြီးချုပ်က  တိုက်တွန်းခဲ့ကြောင်း NDTV သတင်းက စက်တင်ဘာ ၂၃ ရက်၌ သတင်းဖော်ပြသည်။ 

“အစိုးရအနေနဲ့ ‘တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများ’ စီးဝင်မှုကို ဆက်လက်ကိုင်တွယ်သွားမှာ ဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်မှာ စည်းရိုးအပြီးသတ်ဖို့ လိုအပ်နေတယ်ဆိုတာကို အလေးအနက် ပြောလိုတယ်”ဟု ဆင်းချ်က သတင်းထောက်များအား ပြောပြီး မဏိပူရ်က ပဋိပ္ကခများသည် ယခင် အစိုးရများ၏ အစီအစဉ်မကျသော မူဝါဒများကြောင့် ဖြစ်ရသည်ဟု ထပ်လောင်းပြောသည်။ 

မဏိပူရ်ပြည်နယ်သည် မြန်မာနှင့် နယ်စပ် ကီလိုမီတာ ၄၀၀ ထိစပ်နေပြီး စည်းရိုးကာရံထားသည်မှာ ၁၀ ရာခိုင်နှုန်း ပြည့်အောင်ပင် မရှိ၍ ကီလိုမီတာ ၃၉၀ နီးပါးမှ စိမ့်ဝင်နိုင်ပြီး အစောင့်အကြပ် မရှိသဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများအတွက် အခွင့်သင့်နေသည်။ 

အိန္ဒိယ-မြန်မာ နယ်စပ်သည် စုစုပေါင်း ကီလိုမီတာ ၁,၆၀၀ ရှည်လျားသည်။  

မဏိပူရ်ပြည်နယ်ဝွင် မေလ ပထမပတ်က စတင်ကာ ကသည်းနှင့် ကူကီးများကြား လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားပေါ်ပေါက်သည်။ 

ကသည်းများသည် ဌာနေလူမျိုးစု မဟုတ်သော အကြီးဆုံး အသိုက်အဝန်းဖြစ်ပြီး မဏိပူရ် လူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့် ရှိသည်။ ၎င်းတို့သည် အမ်ဖယ်တောင်ကြားတွင် အများစုနေထိုင်ကြပြီး နာဂနှင့် ကူကီးများမှ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ရှိကာ ကုန်းမြင့်ဒေသများတွင် နေထိုင်ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required