ရန်ကုန်၌ အွန်လိုင်းလိမ်လည်မှုများကို စီးနင်းရာတွင် လူ ၉၅ ဦးကို ဖမ်းမိ

By Gulf Today
28 October 2023
ရန်ကုန်၌ အွန်လိုင်းလိမ်လည်မှုများကို စီးနင်းရာတွင် လူ ၉၅ ဦးကို ဖမ်းမိ
Photo-AFP

စီးပွားရေး အချက်အခြာ ရန်ကုန်တါင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းအား ယခု သီတင်းပတ်အတွင်း စီးနင်းမှုများ၌ လူပေါင်း ၉၅ ဦးကို ရဲက ဖမ်းဆီးရမိကြောင်း အာဏာပိုင်များက ပြောသည်.

မြန်မာနိုင်ငံသည် ၂၀၂၁ ဖေဖော်ဝါရီလ၌ စစ်အာဏာသိမ်းပြီးနောက် ဝရုန်းသုန်းကား အခြေအနေ ဆိုက်လျက်ရှိရာ ရာဇဝတ်ဂိုဏ်းများက ဥပမဲ့ အခြေအနေကို အခွင့်ကောင်းယူကာ လိမ်လည်မှုများ လုပ်ဆောင်နေပြီး အထူးသဖြင့် နယ်စပ်ဒေသများတွင် ဖြစ်သည်။

ရန်ကုန်ရှိ နေရာ သုံးခုမှ လူ ၉၅ ဦးကို ကြာသပတေးနေ့၌ အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်ပြီး အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြကာ အချို့သည် ပြည်ပနိုင်ငံများမှ ဖြစ်ကြသည်။

စီးနင်းမှုများအတွင်း BMW ကားတစီး၊ လက်တော့ပ်များ၊ ကွန်ပျူတာများနှင့် အခြားပစ္စည်းပစ္စယများကို ရဲက သိမ်းဆည်းရမိကြောင်း သောကြာနေ့က စစ်ကောင်စီ၏ ထုတ်ပြန်ချက်တရပ်အရ သိရသည်။

စစ်ဆင်ရေးအတွင်း သံသယရှိ ဂိုဏ်းခေါင်းဆောင်၏ အိမ်ကို တာဝန်ရှိသူများက စီးနင်းခဲ့သော်လည်း ၎င်းမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ထပ်လောင်းဖော်ပြသည်။

ယခု စီးနင်းမှုများသည် ရန်ကုန်၌ အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်ပြီး လူအများအပြား ဖမ်းဆီးမိသည်ဟု စစ်ကောင်စီက ကြေညာသော ပထမဆုံး စီးနင်းမှုပဲ ဖြစ်သည်။

ယခင် ဖမ်းဆီးရမိမှုများသည် တရုတ်နှင့် နယ်စပ်မြောက်ပိုင်းဒေသများတွင် ဖြစ်သည်။

တရုတ်နိုင်ငံသားများအား မကြာခဏ ပစ်မှတ်ထားသော အဆိုပါ အွန်လိုင်း လိမ်လည်မှုများကို အမြစ်ဖြတ်သုတ်သင်ရန် မြန်မာနိုင်ငံသည် အဓိက မဟာမိတ် တရုတ်၏ ဖိအားပေးမှုအောက် ရှိနေသည်။

ရာဇဝတ်ဂိုဏ်းများသည် တရုတ်နိုင်ငံသားနှင့် ဌာနေဒေသခံများ ထောင်ပေါင်းများစွာကို ဖျားယောင်းခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အတင်းအကျပ် စေခိုင်းခြင်းများ ရှိနေသည်။

ရာဇဝတ်ဂိုဏ်းများ လည်ပတ်သော ကာစီနိုများနှင့် အွန်လိုင်းလိမ်လည်မှုများတွင် လူများအား ပြန်ပေးဆွဲကာ အတင်းအကျပ် စေခိုင်းခြင်းများသည် အရှေ့တောင်အာရှတလွှား၌ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အထူးသဖြင့် မဲခေါင်ဒေသတွင် ဖြစ်ကာ ယင်းလုပ်ငန်းများမှ အကျိုးအမြတ်များ မမျှော်နိုင်အောင် ရရှိလျက် ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံးအရ သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required