မြန်မာ အပါအဝင် ပဋိပက္ခစစ်ပွဲများအကြောင်း သတင်းဖော်ပြသည့် သတင်းသမားများကို ပြင်သစ် စစ်သတင်းထောက်ဆု ရွေးချယ်ချီးမြှင့်

မြန်မာ အပါအဝင် ပဋိပက္ခစစ်ပွဲများအကြောင်း သတင်းဖော်ပြသည့် သတင်းသမားများကို ပြင်သစ် စစ်သတင်းထောက်ဆု ရွေးချယ်ချီးမြှင့်
ယူကရိန်းမှာ သတင်းရိုက်ကူးနေစဉ်အတွင်း အသတ်ခံခဲ့ရတဲ့ AFP သတင်းဌာနမှ Arman Soldin ရဲ့အစ်ကို Sven Soldin က သေဆုံးသွားတဲ့ သတင်းထောက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ မိန့်ခွန်းပြောနေစဉ် © LOU BENOIST / AFP

မြန်မာ၊ ဟေတီ၊ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းရှိ ပဋိပက္ခစစ်ပွဲများနှင့်ပတ်သက်ပြီး သတင်းဖော်ပြသည့် သတင်းသမားများနှင့် ဓာတ်ပုံဆရာများကို အောက်တိုဘာ ၁၄ ရက်က ပြင်သစ်နိုင်ငံ၏ နာမည်ကျော် Bayeux War Correspondents’ Awards ဆုများ ရွေးချယ်ချီးမြှင့်ခဲ့သည်။

အကြိမ် ၃၀ မြောက်ဖြစ်သည့် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြီးခဲ့သည့် သောကြာနေ့က လက်ဘနွန်တောင်ပိုင်းရှိ ပဋိပက္ခစစ်ကို သတင်းရယူသည့် တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့ရသည့် ရိုက်တာ ဂျာနယ်လစ် အစ်ဆမ် အဗ္ဗဒူလာကို ဂါရဝပြုခဲ့သည်။ လက်ရှိတွင် အစ္စရေးသည် ပြီးခဲ့သည့် သီတင်းပတ်က ဟားမတ်စ်၏ အကြီးအကျယ် တိုက်ခိုက်မှုအတွက် လက်တုံ့ပြန် တိုက်ခိုက်မှုတို့ကို အရှိန်မြှင့်လုပ်ဆောင်နေသည်။

အေအက်ဖ်ပီ ဓာတ်ပုံသတင်းသမား ခရစ္စတီးနား အက်စီနှင့် သူမ၏ ဗီဒီယိုဌာန လုပ်ဖော်ကိုင်ဖက် ဒိုင်လန်း ကောလင်းစ် အပါအဝင် အခြားသတင်းသမား ခြောက်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မငြိမ်မသက်မှုဖြင့် ဖိစီးခံနေရသည့် မြန်မာနိုင်ငံထဲ လျှို့ဝှက် ဝင်ရောက် ရောက်ရှိခဲ့ပြီး သတင်းဖော်ပြမှုအတွက် ဗြိတိန်-အီတလီ အလွတ်တန်း ဓာတ်ပုံသတင်းသမား ဆီးဖရစ်ဒ် မိုဒိုလာကို PHOTO TROPHY – INTERNATIONAL JURY AWARDED BY NIKON ဆုတွင် ပထမဆု ရွေးချယ်ချီးမြှင့်ခဲ့သည်။ မြန်မာရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုနှင့်ပတ်သက်ပြီး ကနေဒါသတင်းစာ Globe and Mail တွင် ဖော်ပြသည့် သူ၏ ဓာတ်ပုံအက်ဆေးသည် များစွာ ချီးကျူးခံရသည်။

အလားတူ ၂၀၁၂ ခုနှစ်က ဆီးရီးယားတွင် အစ္စလမ္မစ် အစွန်းရောက်သမားများ၏ ပြန်ပေးဆွဲခြင်း ခံခဲ့ရသည့် ISIS ၏ ‘မေ့လျော့ခံ ဓားစာခံ” ဂျွန် ကန့်တ်လီ နှင့်ပတ်သက်ပြီး စုံစမ်းဖော်ထုတ် သတင်းရေးသားမှုအတွက် The Times မှ ဗြိတိန်သတင်းထောက် အန်တိုနီ လွိုက်ဒ်လည်း ဆုရွေးချယ်ချီးမြှင့်ခံရသည်။

ဆွစ်ဇာလန် RTS ရေဒီယိုနှင့် France Info သတင်းသမား မော်ရင်း မာစီယာသည်လည်း ယူကရိန်းနိုင်ငံ ဘူခါမြို့၌ နှစ်ကြိမ် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးတဦးနှင့်ပတ်သက်ပြီး စိတ်ထိခိုက်နာကျင်ဖွယ်ရာကောင်းသည့် သတင်းဖော်ပြမှုအတွက် ဆုရွေးချယ်ချီးမြှင့်ခြင်း ခံရသည်။

ထို့ပြင် ဟေတီရှိ ရဲတပ်ဖွဲ့နှင့် လူဆိုးဂိုဏ်းများအကြား တိုက်ပွဲအကြောင်း မှတ်တမ်းတင် သတင်းဖော်ပြမှုအတွက် CNN သတင်းအဖွဲ့ နစ်ခ် ပတ်တွန် ဝါ့ရှ်၊ ဘရိုက်စ် လိန်း၊ နာတယ်လီ ဂါလွန်းနှင့် အီသီယန်နီ ဒူပွန့်တို့လည်း ဆု ရွေးချယ်ချီးမြှင့်ခံရသည်။

အချိန်ရှည်ကြာ ခက်ခဲစွာ ဆွေးနွေးတိုင်ပင်ပြီးနောက် ဆုရရှိသူများကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျူရီလူကြီးအဖွဲ့ ဥက္ကဋ္ဌ ဝါရင့် ဓာတ်ပုံသတင်းသမား ဒွန် မက်ကောလင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required