စစ်ကောင်စီအပေါ် အရေးယူဆောင်ရွက်မှုများကို တိုးမြှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ရန် ကုလ ကျွမ်းကျင်သူ တိုက်တွန်း

စစ်ကောင်စီအပေါ် အရေးယူဆောင်ရွက်မှုများကို တိုးမြှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ရန် ကုလ ကျွမ်းကျင်သူ တိုက်တွန်း
Photo-AFP

မြန်မာတွင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုကြီးမားလာစဉ် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီ အားနည်းသွားစေရေးအတွက် အရေးယူဆောင်ရွက်မှုများကို တိုးမြှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ကြရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလ အထူးအစီရင်ခံစာ တင်သွင်းသူ တွန် အန်ဒရူးစ်က တိုက်တွန်း ပြောကြားသည်။

အဓိကကျသည့် ဘဏ္ဍာရေး အင်စတီကျူးရှင်းများနှင့် လေယာဉ်ဆီအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခြင်း အပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်သည့် အရေးယူဆောင်ရွက်မှုများက မြန်မာစစ်ကောင်စီကို အားနည်းသွားစေရန် ပိုမို ထိရောက်သည့် လမ်းကြောင်းတခုအတွက် မျှော်လင့်ချက် ဖြစ်ပေါ်စေကြောင်း မစ္စတာ အန်ဒရူးစ်သည် နယူးယော့ခ်ရှိ ကုလ အထွေထွေညီလာခံ၏ တတိယကော်မတီကို ပြောကြားသည်။

“ကျေးရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူစခန်းတွေအပေါ် မရပ်မနား ဗုံးကြဲမှုတွေနဲ့အတူ စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ဆက်လက် တိုက်ခိုက်နေတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသား မဟုတ်သူတွေဟာလည်း နယ်စပ်တွေမှာ လှုပ်ရှားနေတဲ့ အွန်လိုင်း အလိမ်အညာ လုပ်ငန်းတွေအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းအဖွဲ့တွေရဲ့ မတရား ဖိနှိပ်တာတွေကို ခံနေရတယ်”

“ခုချိန်က ကုလ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်ကောင်စီ အားနည်းသွားစေမယ့် အရေးယူဆောင်ရွက်မှုတွေကို အားကောင်းစေပြီး ပိုမို ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်” ဟု အန်ဒရူးစ်က ပြောသည်။ “အစုအပြုံလိုက် အကြမ်းဖက်မှု မီးတောက်တွေနဲ့ ပတ်ချာဝိုင်းခံနေရတဲ့ ကမ္ဘာကြီးအနေနဲ့ လူသန်းချီရဲ့ အသက်ဘဝတွေကို ခြိမ်းခြောက်နေတဲ့၊ ဒေသတွင်း တည်ငြိမ်မှုကို တိုက်စားနေတဲ့ မြန်မာမှာ လောင်ကျွမ်းနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူမဆန်ရက်စက်မှု မီးကို မျက်ကွယ်ပြုလို့ မရပါဘူး” ဟု ၎င်းက ပြောသည်။

မစ္စတာ အန်ဒရူးစ်က ကုလ အထွေထွေညီလာခံသို့ တင်သွင်းသည့် ၎င်း၏ အစီရင်ခံစာထဲတွင် စစ်ကောင်စီ တပ်ဖွဲ့များ ကျူးလွန်သည့် လူအစုအပြုံလိုက် သတ်ဖြတ်မှုများ၊ ခေါင်းဖြတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြု အကြမ်းဖက်မှု၊ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုနှင့် လူသားဒိုင်း အသုံးပြုမှု သတင်းများအပါအဝင် အရပ်သားများအပေါ် စစ်အုပ်စု၏ တိုက်ခိုက်မှုများကို အလေးပေး ဖော်ပြထားသည်။

ထို့ပြင် အသက်ကယ် အကူအညီ ပေးပို့မှုအပေါ် စစ်ကောင်စီဘက်က တမင် တားဆီးပိတ်ဆို့မှုကြောင့် ကြီးမားသည့် လူသားချင်းစာနာမှု လိုအပ်ချက်များကို ပိုမိုဆိုးဝါးထားစေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly