Chevron ကုမ္ပဏီက နုတ်ထွက်ပြီး ဆိုထားသော်လည်း မြန်မာဓာတ်ငွေ့လုပ်ကွက်၌ အစုစပ်ရင်းနှီးငွေ ရှိနေဆဲ ဖြစ်

By Nikkei Asia
10 November 2023
Chevron ကုမ္ပဏီက နုတ်ထွက်ပြီး ဆိုထားသော်လည်း မြန်မာဓာတ်ငွေ့လုပ်ကွက်၌ အစုစပ်ရင်းနှီးငွေ ရှိနေဆဲ ဖြစ်
Photo-AFP

အမေရိကန် ရေနံကုမ္ပဏီသည် မြန်မာနိုင်ငံက ၎င်း၏ အစုရှယ်ယာများကို ရောင်းချရန် သဘောတူညီချက် တရပ် ရထားကြောင်း ဖေဖော်ဝါရီလအတွင်းက ကြေညာထားလင့်ကစား မြန်မာနိုင်ငံပိုင် ဒဏ်ခတ်ပိတ်ဆို့ခံ စွမ်းအင်ကုမ္ပဏီတခုနှင့်အတူ လည်ပတ်သော ကမ်းလွန်သဘာဝလုပ်ကွက်တွင် အစုစပ်ရင်းနှီးငွေ ဆက်လက် ထားရှိထားဆဲ ဖြစ်သည်။

ထိုသို့ ရောင်းချမှု နှောင့်နှေးရသည့် အကြောင်းရင်းကို ထုတ်ပြန်ခြင်း မရှိသော်လည်း ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း၌ ပိုင်ဆိုင်မှုများ ဆက်ရှိနေခြင်းသည် Chevron အနေဖြင့် အရောင်းအဝယ် လက်လွှဲလက်ပြောင်း လုပ်ဆောင်ရန် အခက်အခဲများ ရှိနေဖွယ် ရှိသည်ကို ညွှန်ပြလျက် ရှိသည်။ မြန်မာစစ်တပ်က အာဏာသိမ်းသည့် နောက်တနှစ် ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ကြေညာထားသော မြန်မာနိုင်ငံမှ လုပ်ငန်းရုပ်သိမ်းမည်ဆိုသည့် ကုမ္ပဏီ၏ အချိန်သတ်မှတ်ချက်နှင့် ပတ်သက်၍လည်း ဝေဝေဝါးဝါး ရှိနေသည်။

Chevron အနေနဲ့ “စီစဉ်ထားသည့်အတိုင် အစီအစဉ်တကျ လုပ်ငန်းရုပ်သိမ်းမှု ဖော်ဆောင်နိုင်အောင် လုပ်ကိုင်နေကြောင်း” ကုမ္ပဏီ၏ ပြောခွင့်ရသူတဦးက ပြောပြီး “ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့မှု အပါအဝင် ကျွန်တော်တို့ လုပ်ငန်းကိုင်ငန်းမှာ စည်းမျဉ်းဥပဒေနဲ့အညီ ဖြစ်စေဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေရတာ ဖြစ်တယ်”ဟု ဖြည့်စွက်ဆိုသည်။

ရတနာစီမံကိန်းမှ ရှယ်ယာ ၄၁ ရာခိုင်နှုန်းလုံးကို ကနေဒါကုမ္ပဏီ MTI Energy ၏ လက်ခွဲတခုဆီ ရောင်းချရန် သဘောတူညီချက် ရရှိကြောင်း ယခုနှစ် ဖေဖော်ဝါရီလအတွင်းက Chevron က ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းကို နိုင်ငံပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် မိတ်ဖက်များဖြင့် ဆေင်ရွက်နေခြင်း ဖြစ်သည်။ သဘာဝဓာတ်ငွေ့သည် အာဏာသိမ်းစစ်အုပ်စုအတွက် အဓိက နိုင်ငံခြားဝင်ငွေ ရရှိရာ ရင်းမြစ်ဖြစ်သည်။

Chevron ၏ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ချက်မှာ “၎င်းတို့ စိတ်ဆန္ဒလုံးလုံးသာ ဖြစ်ကြောင်း” မြန်မာ စွမ်းအင်ဝန်ကြီးဌာနမှ ပြောခွင့်ရသူတဦးက ဆိုသည်။ စွမ်းအင်ကုမ္ပဏီကြီး Chevron ကို မည်သို့ လုပ်ပါဆို၍ ပြောရန် ၎င်းတို့အနေဖြင့် “အခွင့်အရေး မရှိကြောင်း” လည်း ပြောဆိုရာ ရှယ်ယာအားလုံး ရောင်းချရာ၌ နှောင့်နှေးမှုသည် ရောင်းသူဝယ်သူနှင့် သက်ဆိုင်နေခြင်း ဖြစ်သည်ဟု ညွှန်ပြခြင်းပဲ ဖြစ်သည်။

ရတနာလုပ်ကွက်တွင် အခြားသော ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ပြင်သစ်က TotalEnergies ကုမ္ပဏီမှာ ၎င်း၏ ရှယ်ယာများကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံမှ အပြည့်အဝ ထွက်ခွာပြီဖြစ်ကြောင်း ၂၀၂၂ ဇူလိုင်လအတွင်းက ပြောထားသည်။ နောက်ထပ် ရင်းနှီးမြှုပ်နှံသည့် ထိုင်းနိုင်ငံပိုင် PTT စွမ်းအင်ကုမ္ပဏီ၏ လက်ခွဲဖြစ်သော PTTEP က စီမံကိန်း အော်ပရေတာအဖြစ် ဆောင်ရွက်လျက် ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နိုင်ငံသည် MOGE အား ၎င်း၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်း သွင်းခဲ့ပြီး ၎င်း မြန်မာနိုင်ငံပိုင်ကုမ္ပဏီနှင့် အမေရိကန် ကုမ္ပဏီများနှင့် နိုင်ငံသားများ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဘဏ္ဍာရေးဝန်ဆောင်မှုများ မလုပ်ဆောင်ရန် တားမြစ်ပိတ်ပင်ခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required