ဆားတောင်ရဲစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် 

By MTO မဇ္ဈိမ
26 March 2023
ဆားတောင်ရဲစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် 

စစ်ကိုင်းတိုင်း ၊စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းမှထွက်လာသည့် သံချပ်ကာကားနှစ်စီးကို ယနေ့ မတ်လ ၂၆ ရက် နံနက်အစောပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးပျက်စီးသွားပြီး ထိခိုက်သေဆုံး မှုများရှိနိုင်ကြောင်း နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုတာနောက ပြောသည်။ 

“အုန်းတောနဲ့ ဆားတောင်ကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ကားတစ်စီးပျက်စီးသွားပြီး ထိခိုက် သေဆုံးမှုတွေလည်းရှိတယ်လို့ သိရတယ် အတိအကျကိုတော့ မသိသေးဘူး”  ဟု ၎င်းက ပြောသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် အနီးအနားရှိကျေးရွာများသို့ လက်နက်ကြီးလက် နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

“ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ပြည်သူတွေအထိအခိုက်မရှိသော်လည်း ကြောက်လန်ပြီး နေ့လယ် ၁၂ နာရီလောက်ထိ စစ်ဘေးရှောင်ပြီးမှ ပြန်လာရတာမျိုးတွေ ရှိတယ်” ဟု ကိုတာနောကပြောသည်။ 

ယင်းသံချပ်ကာကားနှစ်စီးသည် အုန်းတောရှိ စစ်ကောင်စီတပ်စခန်းသို့ သွားရောက်နေခြင်းဖြစ်ပြီး တပ်မတော်နေ့အတွက် ပြင်ဆင်ရန်ရှိသည်များကိုလုပ်ဆောင်ရန် စေလွှတ်ခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။ 

နယ်စည်းမခြားစစ်ကိုင်းသားတပ်ဖွဲ့အနေဖြင့် မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်မှု များ အဓိကပြုလုပ်နေသည့်အဖွဲ့တစ်ခုဖြစ်ပြီး လက်နက်များရှိသော်လည်း ခဲယမ်းမလုံလောက်သည့် အတွက် တိုက်ပွဲများ မဖော်ဆောင်နိုင်သေးကြောင်း၊ ပြည်သူများအနေဖြင့် ခဲယမ်းလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန်အတွက်ကိုလည်း ၎င်းအဖွဲ့က တောင်းဆိုထားသည်။

နယ်စည်းမခြားစစ်ကိုင်းသားတပ်ဖွဲ့သည့် LPDF အဖြစ်ရပ်တည်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက် သည့် တိုက်ပွဲ ပေါင်း ၁၅ ကြိမ်နှင့် မိုင်းဆွဲတိုက်ခိုက်မှု အကြိမ် ၅၀ ကျော်ပြုလုပ်ထားသည်။

အဖွဲ့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ခြင်း နှင့် တော်လှန်ရေးအောင်မြင်ပြီး ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း  သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly