စဉ့်ကိုင်မြို့မှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ၊ ၅ ဦးထက်မနည်းသေဆုံး 

By ရွှေနွယ်  မဇ္ဈိမ
25 February 2023
စဉ့်ကိုင်မြို့မှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ၊ ၅ ဦးထက်မနည်းသေဆုံး 

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုအတွင်း ကင်းပတ်ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ကားကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၀:၃၀ ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

စဉ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုအတွင်း ရွှေလှံဗိုလ်(ကန်အောက်)ရွာနှင့် စိုက်ပျိုးရေးရွာကြား၊ မြလိပ်တောင်ကြာကန်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ငါးဦးပွဲချင်းပြီး သေဆုံးကာ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

"သူတို့ကင်းပတ်နေကျမို့ ၂၃ ရက်နေ့ ညနေကတည်းက မိုင်းထောင်ပြီး ၂၄ ရက်နေ့မနက်မှာ စောင့်ပြီးမိုင်းခွဲခဲ့တာပါ၊ ငါးယောက်ကတော့ နေရာတင်သေဆုံးပြီး ကျန်တဲ့ဒဏ်ရာရတွေလည်း ဆေးရုံရောက်တော့ ထပ်သေတာတွေရှိသေးတယ်လို့ အတွင်းဖရဲသီးက ကျွန်တော်တို့ကို သတင်းပို့ထားပါတယ်ဗျ" ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူကပြောသည်။ ထိုကဲ့သို့ သေဆုံးမှုများအပြင် တိုက်ခိုက်ခဲ့သည့်နေရာပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်သားများ၏ ခြေပြတ်လက်ပြတ်များကိုတွေ့ရသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်ကားကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဖောက်ခွဲမှုအပြီးတွင် အဆိုပါ စစ်ကောင်စီကားမှာ လုံးဝမောင်းနှင်၍ မရတော့သောကြောင့် အလောင်းများနှင့် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို အရေးပေါ်လူနာတင်ကားဖြင့်လာတင်သွားသည်ဟု သိရသည်။ 
ထို့နောက် အဆိုပါ စစ်ကောင်စီကားကိုလည်း ၂၄ ရက်နေ့ ညနေပိုင်းတွင် ကရိန်းဖြင့်လာတင်သွားသည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှပြောသည်။
 
အဆိုပါတိုက်ခိုက်မှုကို  ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုနှင့်အတူ ကျောက်ဆည်ခရိုင် နဂါးနီပြည်သူ့ကာကွယ်ရေးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly