မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ပြည်သူကို အကြောင်းမဲ့ပစ်သတ်ဟု PDF ပြော

By ရွှေနွယ်(မဇ္ဈိမ)
22 September 2023
မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ပြည်သူကို အကြောင်းမဲ့ပစ်သတ်ဟု PDF ပြော
ပေါင်းတည်မြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲဘော်များ Photo - PPDF

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီစစ်ကြောင်းက အရပ်သားပြည်သူတဦးအား သေနတ်ဖြင့် ပစ်သတ်သွားသည်ဟု ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့ နေ့လည် ၃နာရီ ၄၅ မိနစ်ခန့်က အင်အား ၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ပေါက်ခေါင်းမြို့နယ်၊ဒိုးနယ်ရွာနှင့် ပန်းတင်နယ်ခြားနတ်စင်အနီးတွင် PPDFတပ်ရင်း (၃၆၀၁) တပ်ခွဲ(၁)က  မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်ခံရသည့်နေရာအနီး လမ်းဘေးတွင် နှမ်းရိတ်သိမ်းနေသော ဒိုးနွယ်ရွာဒေသခံ ဦးမြအုန်းကို သေနတ်ဖြင့်ပစ်သတ်သွားခြင်းဟု PPDF တာဝန်ရှိသူက ပြောသည်။

" "ဦးမြအုန်းက ကျွန်တော်တို့နဲ့သိလည်းမသိဘူး။ မိုင်းဆွဲခံရတာလည်း သူနဲ့သက်ဆိုင်တာဘာမှမရှိဘူး။ အကြောင်းမဲ့၊ သံသယကြောင့် အသတ်ခံရတာပါ" ဟု PPDF တာဝန်ရှိသူမှပြောသည်။

စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းခွဲထားပြီး ဦးမြအုန်းအား ရှေ့ဆုံးမှစစ်ကြောင်းက ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေး၍ ပြန်လာစဉ် လမ်းခုလတ်တွင် ဒုတိယမြောက်စစ်ကြောင်းက ပစ်ခတ်သွားခြင်းဟု  သိရသည်။ဦးမြအုန်းသည် အသက်(၅၀)ခန့်ရှိပြီဖြစ်သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအားပေးထောက်ခံသူဖြစ်ကြောင်း ဒေသခံတဦးကပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးလဲကျသွားသည်ကိုမြင်တွေ့ရပြီး  ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း၊ လဲကျသွားသူများကို ကားဖြင့် လာရောက်တင် ဆောင်သွားကြောင်းPPDF ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။

အဆိုပါစစ်ကြောင်းသည် ညနေပိုင်းတွင်  ပေါင်းတည်မြို့နယ်၊သစ်ပုတ်ကျေးရွာရှိ တာဝါတိုင်စခန်းသို့ ဝင်ရောက်သွားခဲ့သည်။ထိုစခန်းမှ စစ်ကောင်စီတပ်များသည် ရွာစဉ်လှည့်၍ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး စက်တင်ဘာလ ၁၆ ရက်နေ့က ပဲခူးရိုးမအစပ် လျှော်ဖြူချောင်းအနီးတွင် PPDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။အဆိုပါ တိုက်ခိုက်မှုတွင်  စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း PPDFက ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly