စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို တပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့မိုင်းဆွဲတိုက်ခိုက်

By YT(မဇ္ဈိမ)
23 September 2023
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို တပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့မိုင်းဆွဲတိုက်ခိုက်
 HRS (Hawk Revolutionary Squad)

ရန်ကုန်- မော်လမြိုင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို တပ်မဟာ(၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်လိုက်ကြောင်း Hawk Revolutionary Squad (HRS)က ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့၏ ကားကိုးစီးပါ ယာဉ်တန်းကို စက်တင်ဘာလ ၂၁ ရက်ညနေ ၄ နာရီအချိန်က သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

"စစ်ကားအစီးတိုင်းမှာတော့ စစ်သားအင်အား ၂၅ နဲ့ ၃၀ ကြား ပါတယ်။ ဖောကားအမျိုးအစားတွေနဲ့ စစ်ကားတွေနဲ့ လာတာဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့က မိုင်းနှစ်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်တာ ဖြစ်ပါတယ်" ဟု HRS တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား တပ်မဟာ (၁) KNLA တပ်ရင်း (၂) တပ်ခွဲ (၃)နှင့် HRS ပါဝင်သော ပူးပေါင်းစစ်ကြောင်းက ပြုလုပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားတစီး ပက်လက်လန်အနေအထား ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု အ‌ခြေအနေကို အတည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည်ဟု ဖော်ပြထားသည်။

“မိုင်းဆွဲပြီးတဲ့အချိန်မှာ သူတို့ကျန်တဲ့ ရှစ်စီးက အင်အားတွေစုပြီး Battle(အပြန်အလှန်)ပစ်ကြတဲ့အခါကျတော့ ဒီထိခိုက်ကျဆုံးကို သတင်းမယူနိုင်ခဲ့ဘူး။ အပြန်အလှန်ပစ်ခတ်မှုမှာတော့ ကိုယ့်ဘက်က အထိအခိုက်မရှိဘူး" ဟု HRS တာဝန်ခံက ဆက်ပြောသည်။

ဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသည့် စစ်ကောင်စီတပ်သားများနှင့် ပျက်စီးသွားသည့် ဖောကားတစီးကို သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ စစ်ကောင်စီတပ်ရင်းရှိရာဘက်သို့ ယူဆောင်သွားသည်ဟု ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီးတွင် တိုက်ပွဲဖြစ်ပွားရာနေရာ အနီးအနားရှိ စစ်ကောင်စီ၏ အမြောက်တပ်ရှိရာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိသော်လည်း ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required