ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

By လွှမ်းမိုး(မဇ္ဈိမ)
07 October 2023
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်
ပုံအညွှန်း-မိုင်းဆွဲတိုက်ခိုက်ထားသည့်နေရာ။ဓာတ်ပုံ-ယင်းမာပင်ခရိုင်တပ်ရင်း-၂၉

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာအနီး ရိုးလမ်းခွဲဇရပ်တွင် အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီ အချိန်က စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်သည်ဟု ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်း တာဝန်ရှိသူထံက သိရသည်။

“စစ်ကောင်စီတပ်သားတွေ ထမင်းစားနေတဲ့ ဇရပ် အနီးမှာ သုံးလုံးတွဲ ပဒေသာမိုင်းခင်းပြီး အဝေးထိန်း စနစ်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မိုင်းလုံလောက်မှု မရှိတဲ့အတွက် တကြိမ်သာ တိုက်ခိုက်ခဲ့ရပါတယ်”ဟု ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်းမှူးက ပြောသည်။

ပုံအညွှန်း-မိုင်းဆွဲတိုက်ခိုက်ထားသည့်နေရာ။ဓာတ်ပုံ-ယင်းမာပင်ခရိုင်တပ်ရင်း-၂၉

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်းနှင့် အမှတ်(၁၉) တပ်ရင်းတို့က  ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရရှိနိုင်ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်း တပ်ရင်းမှူးက ဆိုသည်။

ပုံအညွှန်း-မိုင်းဆွဲတိုက်ခိုက်ထားသည့်နေရာ။ဓာတ်ပုံ-ယင်းမာပင်ခရိုင်တပ်ရင်း-၂၉

ပုလဲမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွင် မိုးကာအုပ် ထားသည့် ၁၂ ဘီးကား ၁၂ စီး ၊ စစ်ဘက်သုံး ဖောကား ငါးစီးနှင့် ကိုက် ၅၀ အကွာတွင် ရှေ့ပြေးခြေလျင်စစ်ကြောင်း ပါရှိပြီး လက်ရှိတွင် ပုလဲမြို့နယ် ကုက္ကိုလ်စုကျေးရွာသို့ ရောက်ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

အဆိုပါ ယာဉ်တန်းကို အောက်တိုဘာ ၄ ရက်နေ့ကလည်း လည်ငေါက်ကျေးရွာအနီးတွင် Chindwin Toe Na Yar PDF ၊ BNRA နှင့် ဒေါင်းနက် တပ်ဖွဲ့တို့က ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းများကြောင့် ပုလဲမြို့နယ်ရှိ လက်တောင်းကြီး ၊ မန်ကျီးကန် ၊ ကိုက္ကိုလ်စု ၊ လည်ငေါက် စသည့်ကျေးရွာများမှ ဒေသခံများစစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly