စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြန်လာသည့် တပ်မ ၃၃ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံး

By MTO (မဇ္ဈိမ)
10 September 2023
စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြန်လာသည့် တပ်မ ၃၃ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ်အနောက်ခြမ်းကျေးရွာများကို စစ်ကြောင်း ထိုးပြီးပြန်လာသည့် ယာဉ်နှစ်စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး သွားကြောင်း Fight For Federal အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီးနောက် တပ်မ(၃၃) သို့ တပ်ပြန်ဆုတ်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီကျော်က စစ်ကိုင်း-ရွှေဘို-မုံရွာလမ်း အုန်းတော ရွာနှင့် ရွာသစ်ရွာအကြားတွင် မိုင်းပွိုင့်နှစ်ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံး သွားကြောင်း Fight For Federal အဖွဲ့မှ ကိုနှုတ်ခမ်းမွှေးက ပြောသည်။

“မိုင်းဆွဲတိုက်ခိုက်တာမှာ စစ်ကားနှစ်စီး မိုင်းတည့်တည့်ထိတယ်။ နှစ်ဦးသေပြီး အခြားထိခိုက်မှုတွေလည်း ရှိနိုင်တယ်၊ သူတို့ဘက်က ပြန်ပစ်တာတော့မရှိဘူး” ဟု ၎င်းကပြောသည်။

အဆိုပါယာဉ်နှစ်စီးပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၃ ရက်နေ့မှစတင် ကာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကျေးရွာများအား လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်၀င်ရာက်စီးနင်း ခြင်း၊ ဒေသခံများအား ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နေ အိမ်မီးရှို့ခြင်း၊ နေအိမ်များမှ စားနပ်ရိက္ခာ၊ အဖိုးတန်ပစ္စည်းများအားခိုးယူခြင်း စသည့် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်ထားသည့် စစ်ကြောင်းဖြစ်ကြောင်း Fight For Federal အဖွဲ့က ဆိုသည်။

ယခုတိုက်ခိုက်မှုကို Fight for Federal ၊ Phoenix SGG ၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ၊ အညာသားလေး SGG တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly