ရွှေဘိုတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး

By MTO(မဇ္ဈိမ)
06 October 2023
ရွှေဘိုတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး
ပုံအညွှန်း-နယ်စည်းမခြားရွှေဘိုသားအဖွဲ့ ထုတ်လုပ်သည့် မိုင်းများကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ၊ရွှေဘိုတက္ကသိုလ်အတွင်းမှ အိမ်စီးကားသုံးစီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစီးပျက်စီးပြီး နှစ်ဦးသေဆုံးသွားသည်ဟု နယ်စည်းမခြားရွှေဘိုသားအဖွဲ့ တာဝန်ရှိသူထံက သိရသည်။

အောက်တိုဘာလ ၄ ရက် ညနေ ၆ နာရီခွဲအချိန်တွင် မြို့ရှောင်လမ်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျတော်တို့က မြို့ရှောင်လမ်းမှာ မိုင်းပွိုင့်တွေက ကြိုထောင်ထားတာ သူတို့က ရွေဘိုတက္ကသိုလ် ကနေ မြို့ရှောင်လမ်းအတိုင်း တောင်ဘက်ကို ထွက်တာ အဲ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” ဟု နယ်စည်းမခြားရွှေဘိုသားအဖွဲ့ တာဝန်ခံ ကိုမိုက်ခဲက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစီး ပျက်စီးသွားပြီး ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ ဦး အနက် နှစ်ဦးသေဆုံးကာ ကျန်ရှစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိနိုင်သည်ဟု ၎င်းကဆိုသည်။

ထို့နောက် ပျက်စီးသွားသည့်ကားကို ပြန်လည်ဆွဲယူနိုင်ရန် စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် နယ်စည်းမခြားရွှေဘိုသား အဖွဲ့တို့အကြား ယင်းနေ့ ည ၉ နာရီခွဲ အချိန်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကိုမိုက်ခဲက ပြောသည်။

“မိုင်းဆွဲပြီးနောက် ပျက်သွားတဲ့ကားကို စောင့်နေတဲ့ အဖွဲ့ကို လက်နက်တွေ ပြန်ယူပြီးမှ ပြန်သွားတိုက်တာ အပြန်အလှန် ပစ်ခတ်မှု နာရီဝက်လောက်ကြာမြင့်ခဲ့တယ် သူတို့ဘက်က ထိခိုက်မှုကိုတော့ မသိရသေးဘူး “ ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား အဖွဲ့ ၊ ရွှေဘိုသခင်ကြီးအဖွဲ့ နှင့် အခြားမဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နယ်စည်းမခြားရွှေဘိုသားအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly