ထိုင်းတွင် အစာငတ်ခံဆန္ဒပြသူ ၂ ဦးအား ကျန်းမာရေး စိုးရိမ်၍ ယာယီလွှတ်ပေး 

ထိုင်းတွင် အစာငတ်ခံဆန္ဒပြသူ ၂ ဦးအား ကျန်းမာရေး စိုးရိမ်၍ ယာယီလွှတ်ပေး 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံ၏ ပြင်းထန်သည့် တော်ဝင်အသိုင်းအဝိုင်း စော်ကားမှု ဥပဒေဖြင့် ဖမ်းဆီးထားသော ဆန္ဒပြသူနှစ်ဦးကို ၎င်းတို့၏ အစာငတ်ခံ ဆန္ဒပြမှုအရ ကျန်းမာရေး စိုးရိမ်ရ၍ ယာယီလွှတ်ပေးမည်ဖြစ်ကြောင်း တရားရုံးက အင်္ဂါနေ့တွင် ပြောသည်။ 

ထိုင်းနိုင်ငံ၏ တော်ဝင်ဥပဒေများကို ဖျက်သိမ်းရေး အားပေးထောက်ကူပြုကြရန် နိုင်ငံရေးပါတီများကို  တိုက်တွန်းရင်း ဆန္ဒပြအမျိုးသမီးနှစ်ဦး ဖြစ်ကြသည့် တန်တာဝန် တူယာတူလာနွန်နှင့် အိုရာဝန် ပျူပေါင်တို့က အစာနှင့် ရေကို ဇန်နဝါရီ ၁၈ ရက်က ငြင်းဆန်ထားခြင်း ဖြစ်သည်။ 

ဘုရင် မဟာ ဝါဇီရာလောင်ကွန်းနှင့် ၎င်း၏ မိသားစုများကို ကာကွယ်ပေးထားသော တော်ဝင်အသိုင်းအဝန်း အသရေဖျက်မှု ဥပဒေများသည် ကမ္ဘာ့အတင်းကြပ်ဆုံး ဥပဒေများတွင် ပါဝင်ပြီး အချို့ ပြစ်မှုများက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ခြင်း ဖြစ်သည်။ 

ဆန္ဒပြသူများ၏ ယိုယွင်းဆိုးဝါးလာသော ကျန်းမာရေးကြောင့် ၎င်းတို့ကို ဖမ်းဆီးချုပ်နှောင်ထားရန် မသင့်တော်ကြောင်း ပြစ်မှုဆိုင်ရာ တရားရုံးက ပြောသည်။ 

“သူတို့ကို ဆက်ပြီး ထိန်းသိမ်းထားမယ်ဆိုရင် သူတို့ရဲ့ အသက်ပါ ဆုံးပါးနိုင်တယ်”ဟု တရားရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

အသက် ၂၁ နှစ်အရွယ် တန်တာဝန်နှင့် ၂၃ နှစ်အရွယ် အိုရာဝန်တို့သည် ဖျော်ရည်နှင့် ဓာတ်စာအချို့ စားသောက်ရန် သဘောတူခဲ့သည်ဟု ဆေးရုံက တနင်္လာနေ့တွင် ပြောပြီး ၎င်းတို့သည် ဆက်သွယ်ပြောဆို၍ ရနေသေးသော်လည်း အခြေအနေ ဆိုးဆိုးလာနေသည်ဟု သတိပေးသည်။ 

၎င်းတို့ နှစ်ဦးအား ၂၀၂၂ အစောပိုင်းက ဘန်ကောက်ရှိ နေရာနှစ်ခု၌ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး တော်ဝင်အသိုင်းအဝန်း အသရေဖျက်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကာ တစ်ဦးက ကုလသမဂ္ဂ အဆောက်အအုံနှင့် ကျန်တစ်ဦးတို့က ရှော့ပင်မောလ်တစ်ခုတွင် ဆန္ဒပြခြင်းတို့ကြောင့် ဖြစ်ကြောင်း ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများအဖွဲ့ TLHR အရ သိရသည်။ 

နှစ်ဦးစလုံးသည် အစောပိုင်းက အာမခံ ရရှိကြသော်လည်း အာမခံကို ငြင်းဆန်သည့် အခြားသော နိုင်ငံရေးဖမ်းဆီးခံများနှင့် တသားတည်းရှိကြောင်း ပြသကာ အာမခံကို ငြင်းဆန်ထားကြခြင်း ဖြစ်သည်။ 

၂၀၂၀ အတွင်း ဘန်ကောက်က လမ်းများပေါ်တွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် ဆန္ဒပြလှုပ်ရှားမှုများ၏ တောင်းဆိုမှုများတွင် တော်ဝင်ဥပဒေ ပြုပြင်ပြောင်းလဲရေးများပါ ပါဝင်သည်။ 

၂၀၂၀ မှနောက်ပိုင်း တော်ဝင်အသိုင်းအဝန်း အသရေဖျက်မှုဖြင့် စွပ်စွဲထားသူပေါင်း အနည်းဆုံး ၂၂၄ ဦး ရှိသည်ဟု TLHR အရ သိရသည်။ 

ထိုင်းနိုင်ငံသည် လက်ရှိ၌ မေလအတွင်း ကျင်းပရန်ရှိသော အထွေထွေ ရွေးကောက်ပွဲအတွက် စိုင်းပြင်းလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly