ထိုင်းနိုင်ငံသို့ MoU ဖြင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၄၀ ကျော် ပုံမှန်အလုပ်မဆင်းရသဖြင့် အခက်အခဲဖြစ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
26 September 2023
ထိုင်းနိုင်ငံသို့ MoU ဖြင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၄၀ ကျော် ပုံမှန်အလုပ်မဆင်းရသဖြင့် အခက်အခဲဖြစ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်းမှ ဆောက်လုပ်ရေးလုပ်ငန်းတခုသို့ စက်တင်ဘာလဆန်းတွင်  MoU ဖြင့် လာရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၄၀ ကျော်သည် အလုပ်ရှင်က ပုံမှန်အလုပ်မပေး နိုင်၍ အခက်အခဲဖြစ်နေကြောင်း သိရသည်။

မြန်မာအလုပ်သမား အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီးရှစ်ဦး၊ စုစုပေါင်း ၄၄ ဦးသည် ထိုင်းနိုင်ငံရှိ KTK Engineering 2021 Co, Ltd ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ Zin Tun Win 999 Co, Ltd အေဂျင်စီမှ နှစ်နှစ်သက်တမ်း MoU စာချုပ်ဖြင့် စက်တင်ဘာလ ၈ ရက်နေ့တွင် ရောက် ရှိလာပြီးနောက် အလုပ်ရှင်က အလုပ်သမားများကို တစ်ရက်ဆင်းသုံးရက်နားနှင့် တစ်ပတ်နား အလုပ် ဆင်းခိုင်းခြင်းကြောင့် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

“အလုပ်မှာက သတ်မှတ်လူဦးရေထက်များနေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ သူဌေးက အလုပ်သမား တွေကို အလုပ်အပြည့်အ၀မပေးနိုင်ဘူး၊ တရက်လုပ်ပြီး တစ်ပတ်လောက်နားခိုင်းထားတာ။ လုပ်အားခ တွေလည်း မရှင်းပေးဘူး။ ဒီကုမ္ပဏီမှာ အလုပ်ဆက်လုပ်ဖို့ အဆင်မပြေဘူး၊ တခြားကုမ္ပဏီတခုကို ပြောင်း ပေးစေချင်တယ်”ဟု MoU အလုပ်သမားတဦးဖြစ်သည့် မခင်ခင်သဲက ပြောသည်။

MoU မြန်မာအလုပ်သမား ၄၄ ဦးသည် အခြားအလုပ်တခုသို့ပြောင်းရွှေ့နိုင်ရေးကူညီပေးရန် မြန်မာအလုပ် သမားကူညီစောင့်ရှောက်ရေးအဖွဲ့ Worker Assistance Group For Myanmar (WAG)သို့ လာရောက် အကူညီတောင်းခံထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

”ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီအလုပ်သမားတွေနဲ့ စာချုပ် ချုပ်ဆိုပြီးထွက်လာတဲ့ ၉၉၉ အေဂျင်စီကို အမြန် ဆုံး တာဝန်ယူဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်။ အလုပ်မရသေးတဲ့ ဒီအလုပ်သမားတွေရဲ့ နစ်နာမှုတွေ ကိုဖြေရှင်းပေးဖို့ အေးဂျင့်ဖက်ကို တောင်းဆိုပေးထားတယ်။ တကယ်လို့ မလုပ်ပေးဘူးဆိုရင် ထိုင်းအလုပ် သမားဥပဒေအတိုင်း အရေးယူ တရားစွဲသွားဖို့အထိ ပြင်ဆင်ထားတယ်”ဟု WAG မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ MoU ဖြင့်ထွက်လာသည့် အလုပ်သမား အများစု အလုပ်လက်မဲ့များလာခြင်း၊ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ပြင် တာဝန်ယူမှုတာဝန်ခံမှု အားနည်းသည့် နာမည်ပျက်အေဂျင်စီလည်းများလာ၍ MoU ဖြင့် လာ ရောက် ကြမည့် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား များအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့စည်းများမှထုတ်ပြန်ထားသော နာမည်ပျက် အေဂျင်စီများ ကို သေချာစွာစိစစ်လေ့လာပြီးမှ ထွက်လာရန်လိုအပ်ကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများ က သတိပေးသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly