ဘန်ကောက် ပစ်ခတ်မှု သေဆုံးသူများနှင့် ဒဏ်ရာရသူများအတွက် ထိုင်းတရားရေးဝန်ကြီးဌာနက နစ်နာကြေး ပေးမည်

By The Straits Times
05 October 2023
ဘန်ကောက် ပစ်ခတ်မှု သေဆုံးသူများနှင့် ဒဏ်ရာရသူများအတွက် ထိုင်းတရားရေးဝန်ကြီးဌာနက နစ်နာကြေး ပေးမည်
Photo-AFP

ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီးဌာနအနေဖြင့် ဘန်ကောက်မြို့ ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ် သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူများအတွက် တဦးလျင် နစ်နာကြေး ဘတ် ၂၀၀,၀၀၀ စီ ပေးသွားမည် ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီး မစ္စတာ ဆက်ကိုလ်ဖတ် ကစ်ဂျ်ဒမ်ရောင်ဆက်က ပြောသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရသူများအတွက် နစ်နာကြေးကိုလည်း အခြေအနေတခုချင်းစီအပေါ် အခြေပြုပြီး နောက်ပိုင်းတွင် ဆုံးဖြတ်သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအနေဖြင့် ဆေးကုသမှုအတွက် ဘတ် ၄၀,၀၀၀ ထက် မပိုသည့် ပမာဏတရပ်အပြင် ပြန်လည်ထူထောင်ရေးအတွက် ဘတ် ၂၀,၀၀၀ ခန့် ရရှိလိမ့်မည်ဟု ထင်မြင်ကြောင်း ၎င်းက ပြောသည်။

အလုပ် လုပ်ကိုင်နိုင်ခြင်း မရှိသူများကိုလည်း တနှစ်ထက် မကျော်သည့် ကာလအတွင်း တနေ့လျင် ၃၅၃ ဘတ် နစ်နာကြေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရှော့ပင်းမောလ် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီးတဦးနှင့် တရုတ် ခရီးသွားတဦးတို့၏ ကျန်ရစ်သည့် ရုပ်အလောင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆွေမျိုးမိသားစုများက ဆေးရုံသို့ လာရောက်ပြီး လက်ခံရယူခဲ့ကြသည်။

ထို အမျိုးသမီးနှစ်ဦးသည် အောက်တိုဘာ ၃ ရက် ညနေပိုင်းက ဘန်ကောက်မြို့လယ် ရှော့ပင်းမောလ်တွင် အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသူတဦးဖြစ်သည့် မြန်မာအမျိုးသမီး၏ ဆွေမျိုးများက ကျန်ရစ်သည့် ရုပ်အလောင်းကို လက်ခံရယူရန် မှုခင်းဆေးပညာဌာနသို့ ရောက်လာခဲ့သော်လည်း သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရန် ငြင်းဆန်သွားခဲ့သည်။

အလောင်း ခွဲစိတ်စစ်ဆေးမှု ရလဒ်များအရ သူမသည် အဆုတ်နှင့် နှလုံးတွင် ကျည်ထိမှန်ခဲ့ကြောင်း ပြသနေသည်။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် တော်ဆတ်ခ် ဆုခ်ဗီမောလ်က သေဆုံးသူမြန်မာအမျိုးသမီးအတွက် ကျန်ရစ်သူမိသားစုထံ ခေါင်းတလား လှူဒါန်းပေးခဲ့သည်ဟုလည်း သိရသည်။

ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီးသည် ထိုင်း၊ မန်ဒရင်းနှင့် အင်္ဂလိပ် ဘာသာစကားတို့တွင် ကျွမ်းကျင်ပြီး နှစ်လိုဖွယ်ကောင်းသည့် ဝန်ထမ်းကောင်းတဦးဖြစ်ကြောင်း သူမ၏ အလုပ်ရှင်က အောက်တိုဘာ ၄ ရက် အစောပိုင်းတွင် ပြောသည်။ အဆိုပါ မြန်မာအမျိုးသမီးသည် လစာကောင်းကောင်း ရပြီး မြန်မာနိုင်ငံတွင် နေထိုင်သည့် သူမ၏

မိဘများထံ လစဉ် ထိုင်းဘတ် ၁၀,၀၀၀ ခန့် ပြန်လွှဲပေးပြီး ထောက်ပံ့ပေးနေခဲ့သူဖြစ်သည်။

ယခုအခါ ထိုင်းအလုပ်ရှင်က သေဆုံးသူမြန်မာအမျိုးသမီး၏ မိဘများထံ သူမအစား လစဉ် ငွေကြေးထောက်ပံ့ကူညီမှု ဆက်လက်ပြုလုပ်ပေးသွားမည်ဟုလည်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required