တရုတ်၏ကိုလိုနီခေတ်ပုံစံဘော်ဒါကျောင်းများအား ကုလသမဂ္ဂ၏ စုံစမ်းမှုအပေါ် တိဗက်လူမျိုးများ ကြိုဆို

By ANI 
25 January 2023
တရုတ်၏ကိုလိုနီခေတ်ပုံစံဘော်ဒါကျောင်းများအား ကုလသမဂ္ဂ၏ စုံစမ်းမှုအပေါ် တိဗက်လူမျိုးများ ကြိုဆို

တရုတ်အစိုးရ၏ ကိုလိုနီခေတ်ပုံစံ ကျောင်းအိပ်/ကျောင်းစား ဘော်ဒါဆောင်များ၊ တိဗက်ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများအပေါ် ထိခိုက်စေသည့် တရုတ်၏ ပေါင်းစည်းရေးဝါဒအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ ထုတ်ပြန်ချက်ကို ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့(CTA)နှင့် အဝေးရောက် တိဗက်များက ကြိုဆိုလိုက်သည်။

တိဗက်၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘာသာရေးကို ခြိမ်းခြောက်နေသည့် တရုတ်နိုင်ငံ၏ ပေါင်းစည်းရေးဝါဒနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၄ ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။
“တိဗက်လူမျိုးများ၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ ပညာသင်ကြားခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို ဆန့်ကျင်၍ တိဗက်ပညာရေး၊ ဘာသာရေးနှင့် ဘာသာဗေဒဆိုင်ရာအဖွဲ့အစည်းများကို ဖိနှိပ်ချုပ်ချယ်များ ဆက်တိုက်လုပ်ဆောင်ခြင်းဖြင့် တိဗက်ယဉ်ကျေးမှုကို အင်အားကြီးလူအများစု ဟန်တရုတ်အဖြစ်သို့ ပေါင်းစည်းသွတ်သွင်းရေး မူဝါဒသဘောသက်ရောက်သည့် မိမိတို့ရရှိထားသော အချက်အလက်များကို လူကြီးမင်းတို့၏ အစိုးရအား အလေးထားတင်ပြလိုပါသည်” ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ်များက ထိုစဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိထံ ယမန်နှစ် နိုဝင်ဘာလတွင် စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။

တိဗက်ရှိ တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ကိုလိုနီပုံစံဘော်ဒါဆောင်ကွန်ရက်အပေါ် စိုးရိမ်ပူပန်ကြောင်း အဆိုပါ ကုလသမဂ္ဂကျွမ်းကျင်သူများက ပြောကြားခဲ့ပြီး တိဗက်ယဉ်ကျေးမှုအား ပေါင်းစည်းသွတ်သွင်းခြင်းဆိုင်ရာ တရုတ်မူဝါဒနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား မေးခွန်းများစွာထုတ်ခဲ့သည်။ 
အသက် ၄ နှစ်မှ ၁၈ နှစ်ကြား တိဗက်ကလေးငယ် ၁ သန်းနီးပါးကို မိသားစုများနှင့်ခွဲပြီး တိဗက်ရှိ တရုတ်ဘော်ဒါဆောင်များတွင် အတင်းအကျပ်ကျောင်းအပ်ကာ ထားရှိကြောင်းနှင့်  ကိုယ်ပိုင် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို မိမိကိုယ်တိုင် လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့် အခြေအနေများကို ပိတ်ပင်ထားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
တိဗက်ဘာသာစကားနှင့် တိဗက်ယဉ်ကျေးမှုကို ဖျက်ဆီးရန်ရည်ရွယ်သည့် ဒုတိယမျိုးဆက်မူဝါဒ၏ မူဘောင်နှင့်အညီ တရုတ်နိုင်ငံသည် တိဗက်လူမျိုးများနှင့် တိဗက်ယဉ်ကျေးမှုကို ပေါင်းစည်းသိမ်းသွင်းရန် အကွက်ချလုပ်ဆောင်သည့် နည်းလမ်းကို အသုံးပြုနေကြောင်း အဝေးရောက်တိဗက်အစိုးရပြောရေးဆိုခွင့်ရှိသူ တန်ဇင်းလက်ခ်ရှေးက ပြောကြားခဲ့သည်။

တိဗက်ကလေးငယ် ၁ သန်းကျော်ကို မန်ဒရင်းဘာသာစကားသင်တန်းများ ပို့ချရာ ကိုလိုနီခေတ်ပုံစံ ဘော်ဒါဆောင်များတွင် ထားရှိပြီး တိဗက်ဘာသာစကားနှင့် တိဗက်ယဉ်ကျေးမှုမှ အလှမ်းဝေးစေရန် လုပ်ဆောင်နေကာ စည်းကမ်းအလွန်တင်းကျပ်ပြီး အားလပ်ရက်များတွင်လည်း မိဘများဆီ သွားခွင့်မရသည့်အကြောင်း သတင်းများကြားသိရသည်ဟု တန်ဇင်းက ပြောသည်။ 
တိဗက်ကလေးများသည် စိတ်ဒဏ်ရာများရနေကြသည်ဟု တန်ဇင်းက ပြောကြားခဲ့သည်။ ထို့ကြောင့် ကုလသမဂ္ဂ ကျွမ်းကျင်သူများ၏ စိုးရိမ်ပူပန်မှုများသည် အချိန်ကိုက်ဖြစ်ပြီး၊ CTA သည် အထူးကိုယ်စားလှယ်များ၏ စိုးရိမ်ကြောင်းပြောကြားချက်များကို ကြိုဆိုကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ပြည်သူများ၏ အသံကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း တန်ဇင်းက ပြောသည်။

တရုတ်၏ ပေါင်းစည်းသိမ်းသွင်းရေးဆက်လုပ်ဆောင်နေမှုအပေါ် ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်မှုနှင့် စိုးရိမ်ကြောင်းပြောကြားချက်ကို တိဗက်လူငယ်ကွန်ဂရက်ဥက္ကဋ္ဌ ဂွမ်ပိုဒွန်ဒပ်ကလည်း ကြိုဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly