တရုတ်က တိဗက်တွင် အမျိုးသားရေး အသိစိတ်ဓာတ်မြှင့်တင်ရန် သုတေသနစင်တာ ဖွင့်လှစ်

By ANI
28 March 2023
တရုတ်က တိဗက်တွင် အမျိုးသားရေး အသိစိတ်ဓာတ်မြှင့်တင်ရန် သုတေသနစင်တာ ဖွင့်လှစ်

တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်လူမျိုးများအကြား အမျိုးသားရေးအသိစိတ်ဓာတ်မြှင့်တင်ရန် သိမ်းပိုက်ခံ တိဗက်ဒေသတွင် တရုတ်လူမျိုးအသိုက်အဝန်း အသိစိတ်ဓာတ်မြှင့်တင်ရေးသုတေသနစင်တာကို  ဖွင့်လှစ်လိုက်ခြင်းဖြင့် တိဗက်များကို တရုတ်ဇာတ်သွင်းရန် ကြိုးပမ်းနေကြောင်း Tibet Rights Collective (TRC) က ဖော်ပြသည်။

အဆိုပါစင်တာသည် တိဗက်လူမျိုးများကြား အသိုက်အဝန်းအသိစိတ်ဓာတ် မြှင့်တင်ရမည့်နည်းလမ်းကို သုတေသနပြုမည် ဖြစ်ပြီး ဒေသအတွင်းတွင်  တရုတ်အစိုးရ မူဝါဒများကို မြှင့်တင်ရန် အဓိကထား လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

လန်းကောင်တီ၊ နင်းချီမြို့နှင့်  တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကဏ္ဍ ၃ ရပ် အသိပညာပေးမှုဆိုင်ရာ  ပညာရေးနှင့်ဝါဒဖြန့်အဖွဲ့သည် အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံသားအသိစိတ်နှင့် တရားဥပဒေစိုးမိုးမှုဆိုင်ရာအသိစိတ်ဓာတ် မြှင့်တင်ရေးဟူသော  ကဏ္ဍ ၃ ရပ် အသိပညာပေးမှုအစီအစဉ်ကို စတင်ခဲ့ကြောင်း TRC က ဖော်ပြသည်။

ယမန်နှစ် မေလတွင် စတင်ခဲ့သော ယင်းလှုပ်ရှားမှုသည် တိဗက်လူမျိုးများ၏ အကြမ်းမဖက် တော်လှန်ရေးလှုပ်ရှားမှု၏ အောင်မြင်မှုကို ပြသနေကြောင်း Bitter Winter သတင်းဌာန၏ ဆောင်းပါးတွင် ဖော်ပြထားသည်။
ယခင်က တိဗက်ဘုန်းတော်ကြီးများသည် ပြန်လည်ပညာပေးရေး အစီအစဉ်များကို တက်ရောက်ခဲ့ရသော်လည်း ယခု ကဏ္ဍ ၃ ရပ်အသိပညာပေးမှုအစီအစဉ်သည်  ပိုမိုအစွန်းရောက်သည်ဟု ရှုမြင်ရသည်။

တိဗက်လူမျိုးအများစုက ယင်းလှုပ်ရှားမှုအား ၎င်းတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာများကို ဖယ်ရှားရန်နှင့်  တရုတ်အုပ်ချုပ်မှုကို လက်ခံရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်ကြသည်။

ကဏ္ဍ ၃ ရပ် အသိပညာပေးမှု အစီအစဉ်သည် တိဗက်လူဦးရေကို ထိန်းချုပ်ရန် CCP မှ ဆောင်ရွက်သည့် စီမံချက်များအနက်မှ တစ်ခုဖြစ်သည်။ တရုတ်အစိုးရသည် နှိပ်စက်ညှဉ်းပန်းမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဘာသာရေးအပေါ်ဖိနှိပ်မှုများ အပါအဝင် ဒေသတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း  စွပ်စွဲခံနေရသည်။

အဆိုပါ အစီအစဉ်ကို နိုင်ငံတကာက ရှုတ်ချခဲ့ပြီး တိဗက်လူမျိုးများ၏ အခွင့်အရေးကို လေးစားရန် လူ့အခွင့်အရေးအဖွဲ့များနှင့် အစိုးရများက တရုတ်အား တောင်းဆိုခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required