နယ်မြေပြင်ပမှ လူများနှင့် ဆက်သွယ်သော တိဗက်အမျိုးသမီးကို တရုတ်က ဖမ်းဆီး 

By RFA
13 March 2023
နယ်မြေပြင်ပမှ လူများနှင့် ဆက်သွယ်သော တိဗက်အမျိုးသမီးကို တရုတ်က ဖမ်းဆီး 

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုင်ငံရေးအရ အရေးပါသော နှစ်ပတ်လည်အထိမ်းအမှတ် မတိုင်မီ တရုတ်အစိုးရ၏ စောင့်ကြည့်မှုများနှင့် ရှာဖွေစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေချိန်၌  ဒေသပြင်ပမှ တိဗက်လူမျိုးများနှင့် ဆက်သွယ်သော အမျိုးသမီး ၁ ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အခြေအနေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့သည် ရှီဂါဆဲမြို့မှ အသက် ၂၃ နှစ်အရွယ်ရှိ ရန်ဆို၏ဖုန်းအား စစ်ဆေးခဲ့ပြီး တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပြင်ဘက်ရှိ လူများကို ဆက်သွယ်၍ ဓာတ်ပုံများပေးပို့သည်ဟု စွပ်စွဲကာ  မတ်လ ၂ ရက်တွင် ဖမ်းဆီးခဲ့သည်။
သူမအား နမ့်လင်းကောင်တီရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ပြည်ပရောက် တိဗက်လူမျိုးတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ 

“မိသားစုဝင်တွေက ရန်ဆိုကို လောလောဆယ် ဆက်သွယ်လို့ မရသေးဘူး” ဟု သတင်းရင်းမြစ်က ဆိုသည်။
တိဗက်မွေးရပ်မြေအား တရုတ်၏ ကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်သည့် အနေဖြင့် ၁၉၅၉ ခုနှစ်တွင် မြို့တော် လာဆာ၌ တိဗက်လူမျိုး ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြသည့် လူထုအုံကြွမှု နှစ်ပတ်လည်နေ့ဖြစ်သော မတ်လ ၁၀ ရက် မတိုင်မီက နှိမ်နင်းမှုများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။ 

ရန်ဆိုသည် ရှီဂါဆဲမြို့ရှိ ဂန်ရီဟူသော စားသောက်ဆိုင်တွင် အလုပ်လုပ်သူဖြစ်သည်။
တရုတ်အာဏာပိုင်များသည် လူ့အခွင့်အရေးကို ချိုးဖောက်ပြီး တိဗက်၏ ဘာသာရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာများကို ဖျောက်ဖျက်ရန် ကြိုးပမ်းနေသည်ဟု တိဗက်လူမျိုးများက စွပ်စွဲကြသည်။

တိဗက်တွင် ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် တိဗက်ဗုဒ္ဓဘာသာ နှစ်သစ်ကူးပွဲတော်အတွင်းတွင်  တရုတ်အာဏာပိုင်များက လာဆာ၊ ရှီဂါဆဲနှင့် ချမ်ဒိုမြို့တို့တွင် လက်ကိုင်ဖုန်းများစစ်ဆေးသလို အိမ်များအား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ပြီး တိဗက်လူမျိုးများကို နှိမ်နင်းခဲ့ကြောင်း သတင်းရင်းမြစ်များက RFA သို့ ပြောကြားသည်။

တရုတ်အာဏာပိုင်များက အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သော ပွဲလမ်းသဘင်များကျင်းပခြင်းမပြုရန် အားလပ်ရက်မတိုင်မီတွင် သတိပေးခဲ့ပြီး မလိုက်နာပါက ချက်ချင်း အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required