တိဗက်ကျောင်းသားများ ကွန်မြူနစ်ပါတီကို သစ္စာခံရန်နှင့် ခွဲထွက်ရေးသမားများကို ဆန့်ကျင်ရန်လိုအပ်ဟု ကျောင်းဝင်ခွင့်သတ်မှတ်ချက်တွင် ဖော်ပြထား

By RFA
27 March 2023
တိဗက်ကျောင်းသားများ ကွန်မြူနစ်ပါတီကို သစ္စာခံရန်နှင့် ခွဲထွက်ရေးသမားများကို ဆန့်ကျင်ရန်လိုအပ်ဟု ကျောင်းဝင်ခွင့်သတ်မှတ်ချက်တွင် ဖော်ပြထား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ တိဗက်ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်းသို့ ဝင်ရောက်မည့် ကျောင်းသားများသည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီကို သစ္စာခံရန်နှင့် ခွဲထွက်ရေးသမားများကို ဆန့်ကျင်ရန် လိုအပ်ကြောင်း မတ်လ ၂၃ ရက်တွင်ထုတ်ပြန်သည့် ကျောင်းဝင်ခွင့်သတ်မှတ်ချက်တွင် ဖော်ပြထားသည်။

တိဗက်ဘုန်းတော်ကြီးများနှင့် သီလရှင်များကိုပညာသင်ကြားပေးနေသည့်ကျောင်းသို့ ဝင်ရောက်ရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အယူဝါဒကို လိုက်နာရန်နှင့် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တရုတ်နိုင်ငံမှ ခွဲထွက်ရေး ထောက်ခံသူများကို ဆန့်ကျင်ရမည်ဆိုသည့် စည်းကမ်းချက်များကို စီချွမ်ပြည်နယ်ရှိ တိဗက်ဗုဒ္ဓဘာသာတက္ကသိုလ်က ချမှတ်ခဲ့သည်။ 

“ဒီတက္ကသိုလ်ဟာ တိဗက်ဗုဒ္ဓဘာသာကို လေ့လာခွင့်ရဖို့ ရည်ရွယ်ထားပေမယ့် လက်တွေ့မှာတော့ တရုတ်အစိုးရက အဲဒီလိုမျိုးတက္ကသိုလ်တွေကို တိဗက်ဗုဒ္ဓဘာသာကို တရုတ်ဇာတ်သွင်းဖို့ ကိရိယာတစ်ခုအနေနဲ့ အသုံးချနေပါတယ်” ဟု လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် တိဗက်စောင့်ကြည့်ရေးအဖွဲ့မှ သုတေသီ ပီမာဂျယ်လ်က ပြောကြားခဲ့သည်။ 
“လူ့အခွင့်အရေး ရှုထောင့်ကနေကြည့်ရင် ဒါဟာ ပညာရေးနဲ့ ရည်မှန်းချက်ဆိုင်ရာ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်တာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ 

တရုတ်နိုင်ငံသည် တိဗက်အပေါ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားကာ တိဗက်လူမျိုးများ၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ဗုဒ္ဓဘာသာဝင်များအဖြစ် ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ လက္ခဏာရပ်များ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခွင့်တို့ကို ကန့်သတ်ထားသည်။ တရုတ်အာဏာပိုင်များ၏ ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အမျိုးသားရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာများကို နှိပ်ကွပ်ရန် ရည်ရွယ်ထားသည့် မူဝါဒများကို တိဗက်လူမျိုးများက ဆန့်ကျင်ကန့်ကွက်လေ့ရှိသည်။ 

"တရုတ်ကွန်မြူနစ်အစိုးရဟာ အခုဆိုရင် အထက်တန်းကျောင်းတွေတင်မကဘဲ အလယ်တန်းနဲ့ မူလတန်းကျောင်းတွေမှာလည်း ဒီလို တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေကို စတင်အကောင်အထည်ဖော်နေပါပြီ။ သူတို့ရဲ့ ရည်ရွယ်ချက်က တိဗက်လူမျိုးတွေကို အတင်းအဓမ္မ တရုတ်ဇာတ်သွင်းဖို့ဆိုတာ ထင်ရှားပါတယ်” ဟု ဂျယ်လ်က ပြောကြားခဲ့သည်။ 

ထို့ပြင် တိဗက်ဘုန်းကြီးများနှင့် သီလရှင်များအား ကွန်မြူနစ်အယူဝါဒကို လေးစားလိုက်နာရန် ပြဋ္ဌာန်းခြင်းသည် ဗုဒ္ဓဘာသာ၏ ဓလေ့ထုံးတမ်းများနှင့် ဗုဒ္ဓဘာသာဝင်များ၏ လိုက်နာရမည့် တရားတော်နှင့် ဆန့်ကျင်နေသည်ဟု စပိန်တွင်နေထိုင်သော တိဗက်အခွင့်အရေး လေ့လာသုံးသပ်သူ ဆန်ဂျေးက ပြောကြားခဲ့သည်။

စီချွမ်တိဗက်ဗုဒ္ဓဘာသာတက္ကသိုလ်ကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ အစပိုင်းတွင် တိဗက် ကာ့ဒ်ဇီမြို့တွင်တည်ရှိခဲ့ပြီး စီချွမ်ပြည်နယ် မြို့တော် ချန်ဒူးသို့ ၂၀၁၇ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ဘာသာရေးစာပေများအပြင် တရုတ်ဆိုရှယ်လစ်အစဉ်အလာနှင့် တရုတ်နိုင်ငံသမိုင်းကြောင်းဆိုင်ရာ သင်ခန်းစာများကိုပါ ပို့ချလျက်ရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required