ဒလိုင်းလားမားအသစ် ရွေးချယ်ရာတွင် စွက်ဖက်ခြင်းမပြုရန် တိဗက်အဝေးရောက်ခေါင်းဆောင်က တရုတ်ကို တောင်းဆို

By Just Earth News
31 March 2023
ဒလိုင်းလားမားအသစ် ရွေးချယ်ရာတွင် စွက်ဖက်ခြင်းမပြုရန် တိဗက်အဝေးရောက်ခေါင်းဆောင်က တရုတ်ကို တောင်းဆို

ဒလိုင်းလားမား  ဆက်ခံမည့်သူအား ရွေးချယ်ရာတွင် စွက်ဖက်ခြင်းမပြုသင့်ကြောင်း အဝေးရောက် တိဗက်အစိုးရ၏ သမ္မတက တရုတ်ကို သတိပေးလိုက်သည်။

"ဒီဆက်ခံမှုမှာ ဘယ်အစိုးရကမှ အခန်းကဏ္ဍတစ်ခုအနေနဲ့ မပါဝင်သင့်ဘူး။ ဝင်မစွက်ဖက်တာက တရုတ်အတွက် ပိုကောင်းမယ် ထင်ပါတယ်" ဟု ပင်ပါဆာရင်းက ကျိုဒိုသတင်းနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့ပြီး ဆက်ခံမှုကို ၁၄ ဆက်မြောက် ဒလိုင်းလားမားမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ 

အဝေးရောက်တိဗက်အစိုးရပင် ဒလိုင်းလားမား ရွေးချယ်ရေးလုပ်ငန်းစဉ်နှင့် မသက်ဆိုင်ပါက တရုတ်အနေဖြင့်လည်း သက်ဆိုင်မည်မဟုတ်ကြောင်း ဆာရင်းက ပြောသည်။ 
လက်ရှိ ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်က အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ပြီး နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသ ဒါရမ်ဆာလာမြို့တွင် အဝေးရောက် အစိုးရတစ်ရပ်ကို ထူထောင်ခဲ့သည်။

အသက် ၈၇ နှစ်အရွယ် ဒလိုင်းလားမားအား ဆက်ခံမည့်သူကို ရွေးချယ်ရေးသည် တိဗက်နှင့် တရုတ်တို့ကြား အဓိကပြဿနာများထဲမှ တစ်ခုဖြစ်သည်။ တရုတ်က ဒလိုင်းလားမားအား တရုတ်မှ တိဗက်အား ခွဲထုတ်ရန်  ရည်ရွယ်လုပ်ဆောင်နေသည့် ခွဲထွက်ရေးသမားဟု ယူဆထားသည်။

တရုတ်က ဒလိုင်းလားမား အပါအဝင် တိဗက်၏ ဘာသာရေးခေါင်းဆောင်များ၏ အရိုက်အရာဆက်ခံသူများကို ရွေးချယ်ခြင်းရာတွင် ၎င်းတစ်ဦးတည်းသာ အခွင့်အာဏာရှိကြောင်း ပြောကြားထားသည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် လာဆာတွင် ၁၉၅၉ ခုနှစ် မတ်လ ၁၀ ရက်က  တိဗက်အုံကြွမှု ဖြစ်ပွားခဲ့ပြီး ထိုဒေသသည် ၁၉၅၁ ခုနှစ် အချက် ၁၇ ချက်ပါသဘောတူညီချက် ချုပ်ဆိုပြီးကတည်းက တရုတ်ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။

ဆိုရှယ်လစ်စနစ် ကျင့်သုံးရန် ဖိအားခံနေရသည့်  ခမ်းနှင့်အမ်ဒိုဒေသများတွင် တိဗက်ပြောက်ကျားများနှင့် တရုတ်စစ်တပ် (PLA) တို့ကြား ၁၉၅၆ ခုနှစ်၌ လက်နက်ကိုင်ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။

နောက်ပိုင်းတွင် ပြောက်ကျားစစ်ဆင်ရေးသည် တိဗက်၏ အခြားဒေသများသို့ ပျံ့နှံ့သွားပြီး ၁၉၆၂ ခုနှစ်အထိ ရှိနေခဲ့သည်။
အဝေးရောက်တိဗက်များက အရေးတော်ပုံနှစ်ပတ်လည်ကို တိဗက်အုံကြွမှုနေ့အဖြစ် သတ်မှတ်လိုက်ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly