တရုတ်အစိုးရလက်အောက်တွင် တိဗက်လူမျိုးများ၏ လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာ 

By ANI 
23 March 2023
တရုတ်အစိုးရလက်အောက်တွင် တိဗက်လူမျိုးများ၏ လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာ 

ကုလသမဂ္ဂ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး ကော်မတီက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် တရုတ်နိုင်ငံဆိုင်ရာ တတိယအကြိမ် ဆန်းစစ်ချက်လည်း ပါဝင်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အရေးတကြီးအာရုံစိုက်ရန် လိုအပ်နေသည့် တိဗက်လူမျိုးများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို အလေးပေးဖော်ပြထားကြောင်း Tibet Press သတင်းတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စရပ်များတွင် တိဗက်ယဉ်ကျေးမှုနှင့် ဘာသာရေးကို ဆိုးရွားစွာ ဖိနှိပ်ခြင်း၊ ဒေသခံလူထုကို အတင်းအကျပ် ရွှေ့ပြောင်းနေရာချထားခြင်း၊ တိဗက်ယဉ်ကျေးမှုကို ညံ့ဖျင်းစွာ စီမံခန့်ခွဲခြင်းနှင့် အလွဲသုံးစားလုပ်ခြင်း၊ တရုတ်ကွန်မြူနစ်ပါတီက တည်ထောင်ထားသည့် ဘော်ဒါကျောင်းများမှတစ်ဆင့် တိဗက်ကလေးများကို ဦးနှောက်ဆေးကြောခြင်းနှင့် အတင်းအကျပ်ပေါင်းစည်းခြင်းတို့ ပါဝင်သည်။

ကမ္ဘာ့လွတ်လပ်မှု စောင့်ကြည့်ရေးအဖွဲ့ Freedom House က မတ်လ ၉ ရက်တွင် “Freedom in the World 2023 Report” ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် တိဗက်အား တောင်ဆူဒန်နှင့် ဆီးရီးယားတို့နှင့်အတူ ကမ္ဘာ့လွတ်လပ်မှုအနည်းဆုံးနိုင်ငံအဖြစ် ဖော်ပြခဲ့သည်။ 

Freedom House ၏ အစီရင်ခံစာအရ တိဗက်တွင် နေထိုင်သော တရုတ်နှင့် တိဗက်လူမျိုး ၂ ခုစလုံးတွင် အခြေခံအခွင့်အရေးများ မရှိကြောင်း ဖော်ပြထားသည်။ သို့သော် တရုတ်အာဏာပိုင်များသည် တိဗက်ဘာသာရေးယုံကြည်ချက်များနှင့် ယဉ်ကျေးမှုလက္ခဏာများ ဖော်ဆောင်ခြင်းအပါအဝင် တိဗက်လူမျိုးများတွင် အတိုက်အခံပြုမည့် သဘောထားများကို နှိမ်နင်းရာတွင် အထူး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ 

Freedom House ၏ အစီရင်ခံစာနှင့် ပတ်သက်၍ အမေရိကန်နှင့် ဥရောပရှိ ထင်ရှားသော အပြည်ပြည်ဆိုင်ရာ တိဗက်အရေးလှုပ်ရှားမှု (ICT) က “တရုတ်က တိဗက်ကို ဆယ်စုနှစ် ၆ ခုကျော် တရားမဝင် သိမ်းပိုက်ပြီး ကမ္ဘာ့လွတ်လပ်မှု အနည်းဆုံးနိုင်ငံအဖြစ် ပြောင်းလဲခဲ့ပါတယ်။ Freedom House ရဲ့ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှုအရ အောက်ခြေအဆင့်မှာ ထပ်မံသတ်မှတ်ခံရတာက ကမ္ဘာ့အသိုင်းအဝိုင်းနေနဲ့ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာ ပြသနေပါတယ်” ဟု ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရှီကျင့်ဖျင် တရုတ်သမ္မတ ဖြစ်လာပြီးချိန်မှစ၍ တိဗက်တွင် မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေးအား ပြန်လည်ဖော်ဆောင်နေသည်ကို စိတ်ပျက်မိကြောင်း တိဗက်အရေးလေ့လာစောင့်ကြည့်သူများက ပြောကြားလေ့ရှိသည်။ ရှီကျင့်ဖျင်သည် တိဗက်၏ထူးခြားသော ယဉ်ကျေးမှုနှင့် လူမှုရေးစရိုက်လက္ခဏာများကို တရုတ်စရိုက်လက္ခဏာများနှင့် တစ်သားတည်းဖြစ်စေရန် ပေါင်းစည်းလိုသည့် ရည်ရွယ်ချက်အား အတိအလင်းထုတ်ဖော်မှုအပေါ် တိဗက်ပြည်သူများနှင့် ကမ္ဘာတဝန်းရှိ လူ့အခွင့်အရေးစောင့်ကြည့်သူများက စိုးရိမ်လျက်ရှိကြောင်း Tibet Press တွင် ဖော်ပြခဲ့သည်။

ရှီကျင့်ဖျင်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် သွားရောက်ခဲ့သည့် တိဗက်ခရီးစဉ်အတွင်း တိဗက်ဗုဒ္ဓဘာသာကို တရုတ်စရိုက်လက္ခဏာများပါဝင်သည့် ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲရေးအတွက် လိုအပ်သလို ဆောင်ရွက်သွားရန် တိဗက်ရှိ တရုတ်အုပ်ချုပ်ရေးအရာရှိများနှင့် ဒေသခံကွန်မြူနစ်သစ္စာခံ အများအပြား တက်ရောက်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမွေးရှည်တိဗက်နွားရိုင်းများ၊ သိုးများ၊ နို့စားနွားများဖြင့် ပုံမှန် ရွှေ့ပြောင်းနေထိုင်လေ့ရှိသော တိဗက်များ၏ ရိုးရာနေထိုင်မှုပုံစံကို အဆုံးသတ်ရန် တရုတ်က ဆက်လက်လုပ်ဆောင်နေကြောင်း အဆိုပါ ကုလသမဂ္ဂ ကော်မတီက ဖော်ပြခဲ့သည်။ တိဗက်လှည့်လည်နေထိုင်သူများသည် တိဗက်ပြည်သူစစ်စစ် ၆ သန်း၏ ၃ ပုံ ၁ ပုံခန့် ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required