တိဗက်ကလေးများကို မိဘများနှင့် အတင်းအကျပ်ခွဲထားသည်ဆိုသော ကုလ၏ စွပ်စွဲချက်ကို တရုတ်က ငြင်းဆို 

By ANI
20 March 2023
တိဗက်ကလေးများကို မိဘများနှင့် အတင်းအကျပ်ခွဲထားသည်ဆိုသော ကုလ၏ စွပ်စွဲချက်ကို တရုတ်က ငြင်းဆို 

တရုတ်သည် တိဗက်များအား လူမျိုးကြီးဟန်တရုတ်များနှင့် ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဘာသာစကားအရ ပေါင်းစပ်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် တိဗက်ကလေးငယ် ၁ သန်းကို မိသားစုများနှင့်ခွဲကာ ကျောင်းအိပ်ကျောင်းစားထားသည်ဟူသော  ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ စွပ်စွဲချက်ကို ငြင်းဆိုထားကြောင်း Voices Against Autocracy (VAA) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဟန်တရုတ် သို့မဟုတ် ဟန်လူမျိုးများသည် တရုတ်ဇာတိ အရှေ့အာရှလူမျိုးစုဖြစ်သည်။
“ဒါဟာ လုံးဝ မမှန်ပါဘူး၊။ တရုတ်နဲ့ ပတ်သက်ပြီး လူထုကို လှည့်ဖြားပြီး တရုတ်ရဲ့ ပုံရိပ်ကို အပုပ်ချဖို့ ရည်ရွယ်တဲ့ စွပ်စွဲချက် တစ်ခုသာ ဖြစ်ပုံရပါတယ်။ ဒေသခံကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တရုတ်ပြည်နယ်နဲ့ ဒေသတစ်လွှားမှာ ဘော်ဒါ‌ကျောင်းဆောင်တွေ ဖွင့်ထားတာပါ” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြီးခဲ့သည့် သီတင်းပတ်က ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

"ဒီကျောင်းတွေက နေရာထိုင်ခင်း၊ အစားအသောက်နဲ့  ကျောင်းဆောင်တွေလည်း ပေးထားတယ်။ ဘယ်ကိုမှ သွားခွင့်လာခွင့် မပေးတာမျိုး မဟုတ်ဘဲ စစ်တပ်ပုံစံနဲ့ လည်ပတ်တာမျိုး မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

တိဗက်လူမျိုးများကို ဟန်ယဉ်ကျေးမှုတွင် အတင်းအကျပ် ပေါင်းစည်းရန် လုပ်ဆောင်မှုကြောင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များ၏ ဝေဖန်မှုများကို ခံခဲ့ရသည်။ တရုတ်သည် နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် နေထိုင်သော ဝီဂါလူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အမှန်တရားကို ငြင်းဆိုကာ ခက်ခဲသော အချိန်ကာလကို ရင်ဆိုင်နေရချိန်တွင် တိဗက်နှင့်ပတ်သက်၍ စွပ်စွဲချက် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း VAA က ဖော်ပြသည်။

တရုတ်အစိုးရက ကျောင်းအိပ်၊ ကျောင်းစား ပညာသင်နိုင်ရန် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် ကလေးများကို အတင်းအဓမ္မထားရှိပြီး ၎င်းတို့၏ တိဗက်ယဉ်ကျေးမှု လက္ခဏာများကို ဖယ်ထုတ်ရန်နှင့် ၎င်းတို့ကို ဟန်တရုတ် ယဉ်ကျေးမှုစရိုက်အတွေးအခေါ်များ ရိုက်သွင်းရန် ဖြစ်ကြောင်း ဂျနီဗာတွင် ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

တရုတ်တွင် ဖြစ်ပျက်နေသော တိဗက်လူမျိုးများ ပြဿနာသည် မိမိတို့ မြင်ရသည်ထက် ပိုမိုများပြားကြောင်း ကုလသမဂ္ဂမှ ကျွမ်းကျင်သူများက ပြောသည်။

တိဗက်ကလေးများနှင့် ပတ်ဝန်းကျင်အတွက် သင်ထောက်ကူပစ္စည်းများကို ဟန်ယဉ်ကျေးမှုဖြင့် ပုံဖော်ထားသလို ကျောင်းသင်ခန်းစာများကို မန်ဒရင်း တရုတ်ဘာသာစကားဖြင့် သင်ကြားစေ၍ တိဗက်သမိုင်းနှင့် ဘာသာရေးကို ရည်ညွှန်းသင်ကြားမှုနည်းပါးကာ အဝေးရောက် တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားအကြောင်းကိုလည်း ထည့်သွင်းသင်ကြားခြင်း မရှိပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required