ပါကစ္စတန်ဝန်ကြီးချုပ်၏ တရုတ်ခရီးစဉ်အတွင်း ကြွေးမြီပေးဆပ်ရမည့် အချိန်ရွှေ့ဆိုင်းရေးကိစ္စ မဆွေးနွေးနိုင်ခဲ့

By Islam Khabar
15 November 2022
ပါကစ္စတန်ဝန်ကြီးချုပ်၏ တရုတ်ခရီးစဉ်အတွင်း ကြွေးမြီပေးဆပ်ရမည့် အချိန်ရွှေ့ဆိုင်းရေးကိစ္စ မဆွေးနွေးနိုင်ခဲ့

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးနောက် ပေကျင်းမှ ပြန်လာခဲ့ရာတွင် နားလည်မှု စာချွန်လွှာ (MoU) အချို့သာ သူနှင့်အတူ ပြန်ပါလာခဲ့သည်။

ရှာဘတ်ဇ် ရှာရစ်အနေဖြင့် ပါကစ္စတန်က တရုတ်ထံ တင်ရှိနေသည့် ကြွေးမြီများ ပြန်ဆပ်ရမည့်အချိန်ကာလ ရွှေ့ဆိုင်းနိုင်ရေး ဆိုသည့် တစ်ခုတည်းသော အရေးကြီးကိစ္စရပ်ကို ခရီးစဉ်အတွင်း တရုတ်အစိုးရကို ဆွေးနွေးစည်းရုံးလိုခဲ့သော်လည်း အထမမြောက်ခဲ့ပေ။

ပါကစ္စတန်နှင့် တရုတ် ခေါင်းဆောင်များအကြား ၂ ရက်တာ တွေ့ဆုံစည်းဝေးမှုအတွင်း ငွေပေးချေမှု၊ မြေ ဝယ်ယူမှု၊ စီမံကိန်း ကြန့်ကြာနှောင့်နှေးမှုများနှင့် လုံခြုံရေး စသည့် ကိစ္စရပ်များ ဖြေရှင်းရေးကဲ့သို့ အကြောင်းအရာများနှင့်ပတ်သက်၍သာ ဆွေးနွေးခဲ့ပုံ ရသည်။

ရှာရစ်နှင့် ရှီကျင့်ဖျင်အကြား ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များ သို့မဟုတ် သဘောတူညီချက်များထဲတွင် အကြောင်းအရာကိစ္စသစ် ပါဝင်မလာခဲ့ပေ။

တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးမှုများတွင် ပါကစ္စတန်အစိုးရ လက်ရှိ ရင်ဆိုင်နေရသော ကြွေးမြီ အကျပ်အတည်းနှင့်ပတ်သက်ပြီး ဆွေးနွေးသည့် မည်သည့်အရိပ်အယောင်ကိုမှ မမြင်ခဲ့ရပေ။ အထူးသဖြင့် ကြွေးမြီ အကျပ်အတည်း ဖြေရှင်းရေးကိစ္စက ရွေးကောက်ပွဲနှစ်တွင် ရှာရစ်၏ ပါတီအတွက် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်စရာ ရှိနေသည်။

ပါကစ္စတန်သည် တရုတ်ထံ တင်ရှိနေသော ကြွေးမြီများအနက် ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံခန့်ကို လာမည့် ဇွန်လမတိုင်မီ ပေးဆပ်ရန် စီစဉ်ထားသည်။ ထိုပမာဏသည် ပါကစ္စတန်က တရုတ်ကို လာမည့် ဘဏ္ဍာနှစ်ထဲတွင် ပေးဆပ်မည်ဟု ကတိပြုထားရသည့် ကြွေးမြီ ဒေါ်လာ ၂၀ ဘီလီယံကျော်အနက် သိသာများပြားသော ပမာဏတစ်ရပ်လည်း ဖြစ်သည်။

ပါကစ္စတန်အနေဖြင့် သီရိလင်္ကာနိုင်ငံကဲ့သို့ ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မှုမျိုး မကြုံရစေရေး ရှောင်လွဲနိုင်ရန် လိုအပ်နေချိန် ဝန်ကြီးချုပ် ရှာရစ်သည် ထိုကဲ့သို့ ဖြစ်နိုင်သည့် အလားအလာမှ နိုင်ငံကို ကယ်တင်နိုင်ရေး တရုတ်က ပါဝင်ကူညီပေးစေရန် မျှော်လင့်နေခဲ့သည်။

သို့သော် တရုတ်အစိုးရသည် ကြွေးမြီပေးဆပ်မှု အချိန်ရွှေ့ဆိုင်းရေးနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့ပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်းနှင့် အခြားစီမံကိန်းသစ်များပတ်သက်၍သာ ဆွေးနွေးရန် ပိုမိုလိုလားနေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly