ယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့ လုံုခြံုရေး စုုိးရိမ်ရသဖြင့် ပြန်လှည့်

ယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့ လုံုခြံုရေး စုုိးရိမ်ရသဖြင့် ပြန်လှည့်
ဓာတ်ပုံ - Waimaw Ginra Pat Jasan

ချင်းမိုင်၊ဖေဖော်ဝါရီ ၆ ။           ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်နေသော လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Jasan) တို့ ဘိန်းစိုက်ပိုင်ရှင်များ တားဆီးပိတ်ပင်မှုများ ရှိခဲ့သဖြင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ဖေဖော်ဝါရီ ၅ ရက်တွင် ပြန်လှည့်လာခဲ့သည်ဟု သိရသည်

ဆဒုံ၊ ကန်ပိုင်တီ၊ ချီဖွေ ကားလမ်းအထက်ပိုင်း ဝိုင်းမော်မြို့နယ် မော်စီတုံးကျေးရွာတွင် PJS အဖွဲ့ ၂၀၀ ကျော်အား ဘိန်းစိုက်ပိုင်ရှင်များမှ ဝိုင်းရံပိတ်ဆို့၍ ကျောက်ခဲ၊ လေးခွများဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး အခြေအနေအရ ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု မြစ်ကြီးနားမြို့နယ် PJS အဖွဲ့ ဥက္ကဌ ဦလုန်ဂျွန်တူးရော်က ပြောသည်။

“ဝိုင်းမော်ဘက်က နှစ်ဖွဲ့ခွဲလိုက်တယ်။ ကန်ပိုင်တီဘက် စင်ကြိုင်(မော်စီတုံး)ဘက်သွားတဲ့ လူ ၂၀၀ က လုံခြုံရေး အခြေအနေမကောင်းလို့ ပြန်ဆင်းလာဖို့ ပြောလိုက်တယ်။ ဒီည ဝိုင်းမော်ကို ပြန်ရောက်မယ်၊ လူ တစ်ထောင်ကျော်ပါတဲ့ အဖွဲ့က သူတို့ အလုပ်တွေ ပြီးလို့ ပြန်လာမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်က လူအင်အား ၁၂၀၀ ကျော်ပါ အဖွဲ့တစ်ဖွဲ့က စတင်ထွက်ခွာခဲ့ပြီး ၎င်းလူအင်အား ၂၀၀ ကျော်သည် ဖေဖော်ဝါရီလ ၂ ရက် ထပ်မံ တိုးမြင့်ခဲ့ရာ စုစုပေါင်း လူအင်အား ၁၄၀၀ ကျော်သည် ဝိုင်းမော်မြို့နယ် ဆံဒုံး၊ ကန်ပိုင်တီ၊ ချီဖွေမြို့နယ်ခွဲများရှိ ဘိန်းခင်းများကို သွားရောက် ဖျက်ဆီးနေခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၅ ရက်တွင် အဆိုပါ လူအင်အား ၂၀၀ ကျော်ဖြင့် ဘိန်းခင်းများ ဖျက်ဆီးနေသော အဖွဲ့ကို လုံခြုံရေး တာဝန်မယူပေးနိုင်တော့ကြောင်း ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) မှ ပြောဆိုခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် PJS အတွင်းရေးမှူး ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

PJS လူအင်အား ၂၀၀ အဖွဲ့ကို ဘိန်းစိုက်ပျိုးသူ အင်အား ၁၀၀၀ ကျော်က ကျောက်ခဲ၊ ဓါးတို့ဖြင့် ပေ ၂၀၀ အကွာအဝေးမှ ဝိုင်းရံ ပိတ်ဆို့၍ အသက်အန္တရယ် ခြိမ်းခြောက်သည့် အခြေအနေရောက်လာ သဖြင့် ပြန်လည့်လာကြခြင်း ဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

သူတို့ကို “သတ်ပစ်မယ်” ဆိုပြီး အော်ဟစ်ပြီ ဓါးတွေ ကိုင်တဲ့လူက ကိုင်၊ သစ်တုံးကိုင်သူက ကိုင်ပြီးတော့ အသက်အန္တရယ် ထိပါးနိုင်မဲ့ အခြေအနေထိ ချိန်းခြောက်ခံရတယ်။ အစိုးရ လုံခြုံရေး အဖွဲ့လည်း ဗျူဟာမှူး အမိန့်အရ သူတို့ဖာသာ ဘိန်းခင်းတွေ သွားဖျက်ဆီးမယ်ဆိုပြီး သီးခြားသွား လိုက်ကြတယ်။ ကျနော်တို့ လူတွေက လုံခြုံရေး မလုံလောက်ဘူး ဖြစ်သွားတယ်”ဟု သူက ပြောသည်။

ထို့ကြောင့် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ဘိန်းစိုက်ပျိုး သူများ တားဆီးခံရမှုများရှိနေကြောင်းနှင့် လုံခြုံရေး စိုးရိမ်ရမှုများနှင့် ပတ်သက်၍ စာတင်ပြခဲ့သည်ဟု ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက်က စတင်၍ စတင်ထွက်ခွာခဲ့သော တရုတ်-မြန်မာနယ်စပ် ချီဖွေမြို့နယ် ရှန်ငေါ အထက်ပိုင်း ဥမားဘွမ်ဘက်သို့ သွားရောက်နေသော လူအင်အား ၁၂၀၀ ကျော် ပါ အဖွဲ့သည်လည်း ၎င်းတို့ သွားရောက်နိုင်သည့် ဒေသအတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးနိုင်ခဲ့သဖြင့် လာမည့် တနလာၤနေ့ ဖေဖော်ဝါရီလ ၈ ရက်တွင် ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးကြောင့် နေရာရွှေ့တဲ့အဆင့်ပါ။ အဲဒီနေရာတွေမှာ ဘိန်းဧက ၁၀၀၀ ၊ သောင်းချီ ရှိသေးတယ်၊ အဲဒီက အာဏာပိုင်တွေလည်း သူတို့ထိန်းချုပ်တဲ့နေရာတွေမှာ ဘိန်းခင်းတွေဘဲ ရှိနေတယ် ဆိုတာ တွေ့ခဲ့ရတယ်။ ဒါကြောင့် ဘိန်းခင်းကာကွယ်တယ်လို့ဘဲ မှတ်ယူလိုက်တယ်”ဟု ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

ယင်းဒေသများရှိ ဘိန်းခင်းများ အများအပြားရှိနေသေးသဖြင့် လူအင်အား ၁၂၀၀ ကျော်ဖြင့် မလုံလောက်ဘဲ လူအင်အား ထပ်မံ တိုးမြင့် ဖျက်ဆီးရန် လိုအပ်ကြောင်း ဘိန်းတိုက်ဖျက်ရေးမှ ပြန်လာ သူများ ပြောဆိုနေသည်ဟု သိရသည်။

မူလက ဆဒုံး၊ ကန်ပိုင်တီ၊ ချီဖွေမြို့နယ်ခွဲများတွင် ဘိန်းခင်း ဧက ၂၀၀၀ ကျော် ရှိသည်ဟု ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ တွေ့ရှိခဲ့ထားသည်ဟု ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားသည်။ ထိုဘိန်း ခင်းများအား လူထုအင်အား စုစုပေါင်း ၁၄၀၀ ကျော်ဖြင့် သွားရောက် ဖျက်ဆီးရန် သွားရောက်နေခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မူးယစ်ဆေးဝါး ပပျောက်ရန် အောက်မြင်သည်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

၅၆ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိန်းအမှတ် KIO ဥက္ကဌ ၏ မိန့်ခွန်း တွင် ကချင်လူထု အခြေပြု၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကိုလည်း လူထု များ ပါဝင်လာရန် လက်တွေ့ လုပ်ဆောင်နေသူများကလည်း ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်း သွားရန်နှင့် ဇန်နဝါရီလ ၁၅ ရက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် ကျဆုံးခဲ့သော လူငယ် တစ်ဦးအား ဂုဏ်ပြုကြောင်းနှင့် သူ၏ အမှုနှင့်ပတ်သက်၍လည်း တရားဥပဒေအရ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required