ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး၌ တိုက်ပွဲပြန်ဖြစ်၍ ဒေသခံများ စစ်ဘေးရှောင်နေရ

By ကချင်လေး (မဇ္ဈိမ)
03 July 2023
ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး၌ တိုက်ပွဲပြန်ဖြစ်၍ ဒေသခံများ စစ်ဘေးရှောင်နေရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် ဒေသခံများ နီးစပ်ရာသို့ ပြန်လည်တိမ်းရှောင်နေရကြောင်း သိရသည်။ 

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာနှင့် အောင်ဂျာကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၃ ရက်၊ နံနက် ၅ နာရီဝန်းကျင်ခန့်မှစတင်ကာ လက်ရှိအချိန်ထိ ကချင်လွတ်လပ်ရေးတပ်မတာ်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် နမ်ဆန်ယန်မှ အိမ်ထောင်စု ၂၀၀ ကျော်မှာ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ လုံခြုံ မည်ထင်သည့် နေရာများသို့ထွက်ပြေးနေကြသည်ဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

“စစ်တပ်ဘက်က နမ်ဆန်ယန်မှာ ပြန်ပြီးနေရာယူချင်သလို လုပ်နေတယ်။ အခုက ထွက်ပြေးတဲ့သူက ပြေး၊ တချို့ကျတော့ ရွာထဲက (ဘုရားကျောင်းဝင်း) မှာ နေ နေကြသေးတယ်။ အခုချိန်ထိတော့ ရွာ အစွန် ဘက်မှာ ပစ်နေကြတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံကပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ချင်ဒေသတွင်းတကျော့ပြန်တိုက်ပွဲများ ပြန်လည်းဖြစ်ပွားခဲ့စဥ်က နမ်ဆန်ယန် ကျေးရွာသည်  စစ်တပ်နှင့် KIA တပ်တို့၏ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။

ထိုစဉ်ကနမ်ဆန်ယန်ကျေးရွာနေဒေသခံများ စစ်ဘေးရှောင်ခဲ့ကြရပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် နှစ်ဖက်တပ်များ၏သဘောတူညီမှုဖြင့် ပထမဆုံးနေရပ်ပြန်နိုင်ခဲ့ကြသည့် နေရပ်ပြန် စံပြကျေးရွာကြီး ဖြစ်သည်။

နမ်ဆန်ယန်ကျေးရွာအနီး နှစ်ဖက်လက်နက်ကိုများမှ ဝင်ရောက်တပ်စွဲခြင်းမပြုကြရန် သဘောတူညီထား သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နမ့်ဆန်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက် တပ်စွဲနေရာယူရန် ကြိုးစားနေခြင်းဟုသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာတံတားအကျော် အောင်ဂျာကျေးရွာတံတားနှင့် ဒေါ့ဖုန်း ယန်ကျေးရွာနှစ်ခုလုံးကို ပိတ်ထားလိုက်ပြီဟုဆိုသည်။

ထို့ကြောင့် နမ်ဆန်ယန်ဒေသခံများသာမက ဗန်းမော်၊ ဝိုင်းမော်နှင့် မြစ်ကြီးနားဘက်မှ ဆင်းလာသူ အား လုံးဖြတ်သန်းသွားလာ၍မရတော့ကြောင်း မဇ္ဈိမသတင်းအဖွဲ့က ကနဦး စုံစမ်းသိရှိထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ဗန်းမော်မြို့နယ်၊ ခါရာကျေးရွာဘက်မှ နမ်ဆန်ယန်ကျေးရွာသို့ လာ သည့် စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်ပါသောစစ်ကြောင်းကို နမ်ဆန်ယန်တံတားအကျော်၊ အောင်ဂျာကျေးရွာ၊ လွယ်လွန်တောင်အနီးတွင် KIA ဘက်မှ တားဆီပစ်ခတ်ခဲ့သေးသည်။

ယနေ့ဖြစ်ပွားခဲ့သည့်တိုက်ပွဲအခြေအနေနှင့်ပက်သက်ပြီး နမ်ဆန်ယန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘရန်လီ နှင့် KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူတို့ထံ မဇ္ဈိမကဆက်သွယ်နေသော်လည်းအဆက်အသွယ် မရသေးပေ။

စာတည်း ။။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required