ကရင်ပြည်နယ်၌ ဧပြီလအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၃၅၀ ကျော်သေဆုံး

ကရင်ပြည်နယ်၌ ဧပြီလအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၃၅၀ ကျော်သေဆုံး

မေ ၈

ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ(ကော်သူးလေ)၌ ဧပြီလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံတပ်ဖြစ်သော နယ်ခြားစောင့်တပ် (BGF) တို့ဘက်မှ ၃၅၆ ဦး သေဆုံး ခဲ့ကြောင်း KNU ဗဟို၏ လချုပ်မှတ်တမ်းများအရ သိရသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်တို့အကြား ဧပြီလအတွင်း တိုက်ပွဲ ၅၀၇ ကြိမ် ဖြစ်ပွားခဲ့ရာ ၃၅၀ ကျော် သေဆုံးခဲ့ခြင်း ဖြစ်ပြီး နောက်ထပ် ၂၀၀ ဦးဝန်းကျင် ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် KNLA ၊ KNDO ပူးပေါင်းတပ်မှ ၁၅ ဦး ကျဆုံးခဲ့ပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း KNU ဗဟို၏ လချုပ်မှတ်များတွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအားလုံး၏ တဝက်ကျော်ဖြစ်သည့် တိုက်ပွဲ ၄၀၀ နီးပါးသည် KNU တပ်မဟာ (၅) ထိန်းချုပ် နယ်မြေဖာပွန်ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

KNU တပ်မဟာ (၅)၏ မေလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ဖာပွန်ခရိုင်တွင် ဧပြီလအတွင်းတိုက်ပွဲများ တွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် ၁၇၃ ဦးသေဆုံးပြီး ၉၀ ဦးဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

စစ်အာဏသိမ်းပြီးနောက် ကရင်ပြည်နယ်တွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ အကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေကာ လစဉ်တိုက်ပွဲရာချီဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်။

ယင်းအပြင် ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း တိုက်ပွဲပေါင်း ၅၁၀ ကြိမ် ဖြစ်ပွား ခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်ခဲ့သည်။

KNU ထိန်းချုပ်ရာ ကော်သူးလေနယ်မြေတွင် တိုက်ပွဲများကြောင့် ဒေသခံတစ်သိန်းကျော် စစ်ဘေး ဒုက္ခသည်များ အဖြစ် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသတွင်း စစ်ဘေးရှောင် များအား ကူညီနေသူများက ပြောသည်။

#Mizzima

#KNU

#ကရင်ပြည်နယ်

#KNLA

#BGF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required