ရွှေ့ပြောင်းအခြေချသူများ လူမှောင်ခိုကူးခံရမှု၊ မူလနေရပ်ပြန်မှုနှင့်ပတ်သက်ပြီး အီးယူက ပါကစ္စတန်နှင့် ဆွေးနွေး

By ANI
20 November 2022
ရွှေ့ပြောင်းအခြေချသူများ လူမှောင်ခိုကူးခံရမှု၊ မူလနေရပ်ပြန်မှုနှင့်ပတ်သက်ပြီး အီးယူက ပါကစ္စတန်နှင့် ဆွေးနွေး

လူမှောင်ခိုကူးခြင်းနှင့် မူလနိုင်ငံသို့ ပြန်ဝင်ခွင့်ပြုခြင်းအပါအဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုများနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂ (အီးယူ) က ပါကစ္စတန်နှင့် နိုဝင်ဘာ ၁၄ ရက်တွင် တရားဝင် စတင်ဆွေးနွေးနေကြောင်း ပါကစ္စတန်ဆိုင်ရာ အီးယူကိုယ်စားလှယ်အဖွဲ့က ပြောသည်။

လုံခြုံရေးအရ စိုးရိမ်ပူပန်မှုများ ရှိနေခြင်းကြောင့် အီးယူနိုင်ငံများထဲသို့ အတားအဆီးမဲ့ ရွှေ့ပြောင်းဝင်ရောက်မှုများ အဆုံးသတ်စေမည့် ဆောင်ရွက်ချက်များကို ဦးဆောင်ရန် အီးယူ၏ ပြည်ထဲရေးရာ ကော်မရှင်နာ ယက်လ်ဗာ ဂျိုဟန်ဆန်သည် ယခုသီတင်းပတ်ကုန်တွင် ပါကစ္စတန်သို့ သွားရောက်ခဲ့သည်။

“ပထမတစ်ခုအနေနဲ့ ဥရောပသမဂ္ဂနဲ့ ပါကစ္စတန်တို့ဟာ ရွှေ့ပြောင်းသွားလာမှုနဲ့ တစ်နေရာကနေ တစ်နေရာ ကူးသန်းသွားလာမှုနဲ့ပတ်သက်လို့ ပြည့်စုံကျယ်ပြန့်တဲ့ ဆွေးနွေးမှုတစ်ခု စတင်ဖို့ သဘောတူခဲ့တယ်” ဟု အီးယူ ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းအခြေချနေထိုင်မှုနှင့် ထိုသို့နေထိုင်သူများအား တရားမဝင် ပို့ဆောင်ပေးနေသည့် အကြောင်းအရာများကို အစည်းအဝေးအတွင်း ဂျိုဟန်ဆန်က တင်ပြဆွေးနွေးခဲ့သလို ရွှေ့ပြောင်းသွားလာသူများ နေရပ်ပြန်ရေး၊ ပြန်ဝင်ခွင့်ရရေးနှင့် ပြန်လည် ပေါင်းစည်းနိုင်ရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားရေး ဆွေးနွေးခဲ့ကြသည်။

တရားမဝင် ရွှေ့ပြောင်းသွားလာသူ သောင်းနှင့်ချီတို့သည် နှစ်စဉ် တူရကီနှင့် အီရန်တို့ကို ဖြတ်ပြီး ပါကစ္စတန်မှ အီးယူနိုင်ငံများသို့ ရောက်ရှိရန် ကြိုးပမ်းနေကြကြောင်း ပါကစ္စတန်၏ ခန့်မှန်းချက်များအရ သိရသည်။

အဆိုပါ တရားမဝင် ရွှေ့ပြောင်းသွားလာသူများအနက် အများစုသည် အာဖဂန်များဖြစ်သည်။ အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များ ပြန်လည်ထွက်ခွာပြီးနောက် ထိုနိုင်ငံကို စွန့်ခွာထွက်ပြေးလာသော ဒုက္ခသည် ၁ ဒသမ ၃ သန်း အပါအဝင် အာဖဂန် ၃ သန်းခန့်ကို ပါကစ္စတန်က လက်ခံပေးထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly