ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩကြောင်း NUG ထုတ်ပြန်

By မဇ္ဈိမ 
03 October 2023
ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩကြောင်း NUG ထုတ်ပြန်
ပုံအညွှန်း-  ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တွင်သေဆုံးခဲ့သည့် ကလေးနှင့် လူကြီး ဦးရေ ၁၇၀ ကျော်အတွက် ကုသိုလ်ပြုအမျှဝေနေစဥ် (ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများအဖွဲ့)

ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩမိကြောင်း NUG အစိုးရအဖွဲ့က သဘောထား ထုတ်ပြန်သည်။

ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့၏ ပူးပေါင်းစီစဉ်မှု ဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ စတင်၍ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်ဖြင့် ဖိုရမ် ပြုလုပ်မည် ဖြစ်သည်။

ယင်းဖိုရမ်သို့ တရားမဝင်အကြမ်းဖက်စစ်ကောင်စီမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထား၍ အလွန်ပင်စိုးရိမ်ပူပန်မိ‌‌ကြောင်း NUG က ဆိုသည်။

"  ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်၌ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရသော မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ရမည့်အစား တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စား လှယ်များ တက်ရောက်ခွင့်ရရှိနေခြင်းအပေါ် မိမိတို့အနေဖြင့်အလွန်ပင် အံ့ဩတုန်လှုပ်ရပါသည်" ဟု NUG က ဆိုသည်။

စစ်ကောင်စီသည် မြန်မာပြည်သူလူထုအပေါ် လူမဆန်သည့် ကြမ်းတမ်းရက်စက်မှုများ ကျူးလွန်လျက်ရှိပြီး၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားအရွယ်ကလေး သူငယ်များပါမကျန် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို ကျူးလွန်‌နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု NUG က ထုတ်ပြန် သည်။

အဆိုပါဖိုရမ်သည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ပြုလုပ်မည့်ဖိုရမ်လည်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို စတင်ကျင်းပရန် အဆိုပြုခဲ့သည်။

 ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့အနေဖြင့် စစ်မှန်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာ၌ မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်များနှင့်သာ ကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်း NUG က ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required