“ဟမွန်း” မုန်တိုင်းကြောင့် ဒေသ ၇ ခု မိုးကြီးမည့် သတိပေးချက် မိုးဇလထပ်မံထုတ်ပြန်

By ဂျူချန်း(မဇ္ဈိမ)
25 October 2023
“ဟမွန်း” မုန်တိုင်းကြောင့် ဒေသ ၇ ခု မိုးကြီးမည့် သတိပေးချက် မိုးဇလထပ်မံထုတ်ပြန်
ပုံအညွှန်း- အောက်တိုဘာ ၂၄ ရန်ကုန်၌ ရေကြီးမှုဖြစ်ပွားစဉ် (လူမှုကွန်ရက်)

လတ်တလော ဖြစ်ပေါ်နေသော “ဟမွန်း” ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ အောက်တိုဘာလ ၂၅ရက် နံနက်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေသို့ စစ်တကောင်းမြို့အနီးမှ  ဖြတ်ကျော်ဝင်ရောက်‌နေပြီး မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် ခုနှစ်ခု၌  မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ၏ မိုးဇလ ဌာနက သတင်းထုတ်ပြန်သည်။

“ဟမွန်း”(Hamoon)ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်ဒေသများ၌ မိုးရွာနိုင်ကြောင်း ယနေ့ ရာသီဥတုသတ်ပေးချက်အဖြစ် ထုတ်ပြန်ထားသည်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင် ကမ်းရိုးတန်းတလျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလကသတိပေးထားသည်။

"မိုးများတဲ့နေရာတိုင်းမှာ မြေပြိုနိုင်တယ်။ ရေကြီးတာကတော့ လျှပ်တပြတ်ရေကြီးတာ မိုးများလို့ တောင်ကျရေတွေ စီးဆင်းပြီး ချောင်းငယ်တွေမှာ၊ မိုးများမယ်လို့ ကျနော်တို့ ထုတ်ပြန်ထားတဲ့ ချင်းတို့၊ မကွေးတို့၊ မန္တလေးတို့ မှာ မိုးကြီးနိုင်တယ်။ အဲ့ဒီနေရာတွေမှာ လျှပ်တပြတ် ရေကြီးနိုင်တယ်။ ဒီနေ့နောက်ဆုံး သတိထားရမယ်"   ဟု မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင်  လျှပ်တပြက်ရေကြီးမှုနှင့်‌ မြေပြိုမှုကိုအထူး သတိထားသင့်ကြောင်း ၎င်းက သတိပေးသည်။ ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းခြင်းအပါအဝင် ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လေပြင်း သတိပြုကြရန် မိုးဇလမှ သတိပေးထားသည်။

ယမန်နေ့ အောက်တိုဘာ ၂၄ ရက်က  ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်တို့၌ မိုးကြီးခဲ့ပြီးရန်ကုန်မြို့တွင် ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ခဲ့သည်။  ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုများကိုမသိရသေးပေ။

“ဟမွန်း” မုန်တိုင်းသည်  တဖြည်းဖြည်း အားလျော့လာကာ  အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ် အနေဖြင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ် နယ်စပ်ဒေသ များတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအနေဖြင့်လည်းကောင်း ဖြတ်ကျော်နိုင်ကြောင်း မိုးဇလမှ ယနေ့ နံနက်ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly