နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ ဩဂုတ် ၂၀၂၁)

စစ်ကောင်စီ

· တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ (၂,၀၀၀,၀၀၀)သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ရောက်ရှိရာ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူခဲ့ပြီး ရန်ကုန်မြို့ ဗဟိုကာကွယ် ဆေး သိုလှောင်ရုံ၌ ထားရှိကြောင်း စကစ သတင်းတွင်ဖော်ပြထားသည်။

· ရန်ကုန်တိုင်းဒေသကြီးအတွင်း (၇) မြို့နယ်မှ မြို့ပြပျောက်ကြားတော်လှန်ရေးလုပ်ကိုင်နေသည့် PDF အဖွဲ့ဝင်များ အား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာတွင် ဖော်ပြထားသည်။

· မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က စီးပွားရေး လုပ်ငန်းရှင်‌များအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုး NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို ထောက်ပံ့ခြင်းများ စိစစ်တွေ့ရှိပါက အရေးယူမည်ဟု အကြမ်းဖက် စစ်ကောင်စီက ခေါ်ယူခြိမ်း‌ခြောက်ခဲ့သည်။

· အကြမ်းဖက်အာဏာလု ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းသည် နိုင်ငံတည်ဆောက်သူ စစ်သားတစ်ဦး ဖြစ်ကြောင်း ရုရှားနိုင်ငံထုတ် Politic Magazine နှင့် တွေ့ဆုံစဉ် သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုလိုက်သည်။

အမျိုးသားညီညွှတ်ရေးညွန့်ပေါင်းအစိုးရ

· ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အပိုင်း (၁) ကို NUG အစိုးရက ထုတ်ပြန်လိုက်သည်။

· ပြည်သူ့ရဲဝန်ထမ်းများ စစ်ကောင်စီအမိန့် မနာခံရန် ပြည်သူ့တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ကို ရည်ညွန်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

· မကြာမီအချိန်အတွင်းတွင် အာဏာသိမ်းထားသည့် စစ်ကောင်စီအနေအထားကနေ အာဏာရယူထားသည့် အိမ်စောင့်အစိုးရအသွင်ဖြင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာတွင် လူရာဝင်ဆန့်နိုင်ဖို့ကြိုးစားနေသော ခြေလှမ်းအစဖြစ် နိုင်ငံတကာသံတမန်တိုက်ပွဲအတွက်ပြင်ဆင်လိုက်သည့် သဘောမျိုးဖြစ်ခြင်းကြောင့် နိုင်ငံတကာ တိုက်ပွဲများ ပြင်းထန်လာတော့မည်ဟု NUG လူ့အခွင့်အရးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

· ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁ ရပ်ကွက်မှ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံထားရသူ တင်လှိုင်သည် ယနေ့ နံနက် ၆ နာရီတွင် ကားမောင်းနေစဉ် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

· ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းပေါ်က အင်းစိန် ပြည်သူ့ဆေးရုံအနောက်ဘက်မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

· ရန်ကုန်မြို့၊ လှိုင်မြို့နယ် ၁ရပ်ကွက်အတွင်း နှစ်လုံးထီရောင်းချပြီး ရဲသတင်းပေးဒလန်လုပ်နေသူ ဦးတင်လှိုင်လင်မယား ယနေ့(သြဂုတ် ၂၉ ရက်) မနက်အစောပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရကြောင်း ဒေသ ခံများထံက သိရသည်။

· ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့ ဥယဥ်ရပ်ကွက် တွင်နေထိုင်သည့် ရဲသတင်းပေး ဒလန်ဆိုသူမောင်မြင့်အား အမည်မသိသေနတ်သမားတစ်ဦးက ယနေ့( သြဂုတ် ၂၉ ရက်) မနက် ၆ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သိရသည်။

· ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင်နေထိုင်သည့် ဦးဌေးလွင် နှင့် တမံကျေးရွာနေ ဦးစိုးထွေးတို့မှာ သတင်းပေးဒလန်လုပ်နေမှုများကိုချက်ချင်းရပ်တန့်ရန် ဖျာပုံ PDF လူငယ်အဖွဲ့မှ အသိပေးစာထုတ်ပြန်လိုက်ကြောင်းသိရသည်။

· ကယား(ကရင်နီ)ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ယနေ့ (ဩဂုတ် ၂၈ ရက်) အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိူးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ထုတ်ပြန်ထားသည်။

· ဖက်ဆစ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှု သတင်းများကို မျှဝေရင်းဖြင့် တော်လှန်ရေးကို ကူညီကြရန် မော်လမြိုင် လူငယ်များက အိမ်တွင်းသပိတ်ဖြင့် ယနေ့ တောင်းဆိုကြသည်။

· စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ မြောက်ခြမ်းရွာနှစ်ရွာက သြဂုတ်လ၂၈ရက်နေ့ ညပိုင်းက အကြမ်းဖက် လူသတ် အိမ်စောင့် စစ်ခွေးမောင်းချရေး သံပုံးတီး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာတစ်ခုတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့တွင် ချီတက် သပိတ်မှောက်ကြသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာတွင် လမ်းသွားလမ်းလာ အမျိုးသမီး ၄ ဦးအား အရပ်ဝတ်လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း DMSC-ထားဝယ်ထံမှ သိရသည်။

· ယမန် နေ့ ညက စစ်ကောင်စီ၏ အမှတ် ၁၀၆ ခြေလျှင်တပ်ရင်းအား လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်းရေးမြို့နယ် PDF က သတင်ထုတ်ပြန်သည်။

· ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဗျူဟာကုန်းမှ သြဂုတ်လ ၂၉ ရက် ယနေ့နံနက်တွင် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး နမ်ဖာကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီး ကာ ဒေသခံ ရွာသား ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

· စစ်ကောင်စီ မှ လက်နက်ကြီးတွေ ပစ်ခတ်နေသည့်အတွက်ရှမ်းမြောက် မုံးကိုးမြို့နယ် ကောင်းလုံ ကျေးရွာနှင့် နမ်ဖာ ကျေးရွာမှ ပြည်သူများ ယနေ့ စစ်ဘေးရှောင်နေကြကြောင်း သတင်းရရှိသည်။

· မန္တလေးတိုင်း၊မြင်းခြံမြို့နယ် ၊ အကြမ်းဖက် စစ်ကောင်စီခန့် ရန္တပိုကျေးရွာ အုပ်ချုပ်ရေးမှူး မြတ်စိုးကို ဩဂုတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်တွင် နှလုံးလှ လူမိုက်ကြီးများအဖွဲ့က ခေါင်းဖြတ် သတ်ဖြတ် ကြောင်း အဆိုပါ အဖွဲ့က တရားဝင် သတင်းထုတ်ပြန်ပြောဆိုသည်။

· မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ သြဂုတ်လ ၂၈ ရက်နေ့က နေ့စဉ်ပြုလုပ်နေကျ ဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ယနေ့ နံနက် ၈ နာရီကျော် အချိန်ခန့်က ၆၂ လမ်း ၁၁၂ လမ်းနှင့် ၁၁၃ လမ်း ကြားရှိ သစ်တောရုံးအရှေ့တွင် ရပ်ထားသည့် စစ်ကောင်စီ အကြမ်းဖက်စစ်ကောင်ယဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

· ဖက်ဆစ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှု သတင်းများကို မျှဝေရင်းဖြင့် တော်လှန်ရေးကို ကူညီကြရန် မော်လမြိုင် လူငယ်များက အိမ်တွင်းသပိတ်ဖြင့် ယနေ့ တောင်းဆိုကြသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

· ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်၊ မုံကိုး ဖောင်းဆိုင်ဒေသ မန်ခွမ် အနီးနေရာတွင် စစ်ကောင်စီတပ်များနှင့် KIA ၊ ကိုးကန့်ပူးပေါင်းတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းနီးပါး သေဆုံးကြောင်း ကိုးကန့်သတင်းဌာများတွင် ဖော်ပြထားသည်။

· မနေ့က အကျများသည့် ရှမ်းမြောက် မုံးကိုးမြို့နယ်၊ မန်ခွမ်နှင့် မိန်ပိန်းကျေးရွာကြားတက်လာသည့် စစ်ကောင်စီတပ် အား ကေအိုင်အေ နှင့် ကိုးကန့်လက်နက်ကိုင် တပ်MNDAA တို့ ပူးပေါင်းပြီး ယနေ့မနက်လည်း ထပ်မံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ နှစ်နာရီကြာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

· ရှမ်း-ကယားနယ်စပ်၊ လွိုင်လင်လေးမြို့အရှေ့ဘက် ကွန်နားကျေးရွာနှင့် ဒေါတဟေးကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီနှင့် လက်အောက်ခံ PNA တပ်ဖွဲ့များ အင်အား ၃၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာပြီး ကရင်နီတပ်မတော် KA, KNDF တပ်ဖွဲ့များနှင့် သြဂုတ်လ ၂၈ ရက် ယမန်နေ့တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရကြောင်း သိရသည်။

· ဩဂုတ်လ (၂၈)ရက်နေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်လင်လေးမြို့ နောင်လုံကန်နှင် ဒေါတဟေးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ထိတွေ့ တိုက်ပွဲအတွင်း စကစဘက်မှ စက်လက်(၁)လက်၊ RPG ဗုံးဆံတခု၊ M16ကျည်ဆံများ၊ လက်ပစ်ဗုံး တလုံးနှင့် M79ကျည်အချို့အား ပြည်သူ့ကာကွယ်ရေးတပ် KNDF မှ သိမ်းဆည်းရမိခဲ့သည်။

· ကေအဲန်ယူ-တပ်ရင်း ၂၀၃ ထိန်းချုပ်နယ်မြေအတွင်း ရတနာပုံလမ်းမကြီး ၂၃ မိုင်/၁၆ မိုင်/ရတနာပုံနှင့် မြိတ် လမ်းဆုံ နေရာ ၃ ခုတွင် စစ်ကောင်စီများက နေရာချထားကြောင်း KNU က ထုတ်ပြန်သည်။

· ယနေ့ နံနက်ပိုင်းတွင် သထုံခရိုင် ဘားအံမြို့နယ်အတွင်း၌ ဖြစ်ပွားသော စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ (၁) တို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း KNU က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၂၉ သုံးသပ်ချက်

· စစ်ကောင်စီအနေဖြင့် ရုရှ၊တရုတ်နှင့် အာဆီယံအဖွဲ့ကို အမီပြုပြီး နိုင်ငံတကာတွင် တရားဝင်ဖြစ်ရန် ကြိုးစားနေသလို နိုင်ငံအတွင်းက ပုန်ကန်တော်လှန်မှုများ မရှိကြောင်းပြသရန်အတွက် ဆန္ဒပြသူများနှင့် လက်နက်ကိုင်တော်လှန်နေသည့် PDF များ၊NUG CRPH တို့ကို အသဲသန် နှိပ်ကွပ်ရန်ကြိုးစားနေသည်။ သို့ရာတွင် ပြည်သူများ၏ ထောက်ခံမှုမရှိထားသည့် အာဏာလုစစ်ကောင်စီအတွက် ယင်းကြိုးစားမှုသည် အချီးအနှီးသာဖြစ်နေသည်ကို တွေ့ရသည်။

· NUG လူ့အခွင့်အရေး ဝန်ကြီးဦးအောင်မျိုးမင်းက နိုင်ငံတကာ သံတမန်ရေးရာတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်မည်ဟု ပြောဆိုထားမှုကြောင့် မြန်မာအရေးနှင့်ပတ်သက်၍ နိုင်ငံတကာတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖွယ်ရှိနေသည်။

· နွေဦးတော်လှန်ရေးတစ်ခုလုံး အရှိန်ကောင်းလာပြီးဟု ပြောဆိုရမည့် အခြေအနေမျိုးရှိနေသည်။ အထူးသဖြင့် အာဏာရှင်ကို စတင်ဆန့်ကျင့်သည့် မန္တလေးတွင် ဖမ်းဆီးခံရမှုများ ပစ်သတ်ခံရမှုများ ရှိနေသော်လည်း ယနေ့တိုင် ဆန္ဒပြနေဆဲဖြစ်သည်။စစ်ကိုင်းနှင့်မန္တလေးသည်လည်း ဆန္ဒပြမှုအပါအဝင် လက်နက်ကိုင်တော်လှန်ရေး ဒလန်ရှင်းလင်းရေးတွင် အားကောင်းလာသည်။တချိန်လုံးငြိမ်နေသည့် ဧရာဝတီတိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားလာသည်ကို တွေ့လာရသည်။ချင်းနှင့် ကယားပြည်နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ်များကို မတရားပစ်ခတ်သတ်ပစ်မှုကြောင့် ရရာလက်နက်စွဲကိုင်တော်လှန်ခဲ့ရာမှ ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နီးပါး အားကောင်း လာပြီး အာဏာရှင် အကြမ်းဖက်သမားများကို တန်ပြန်နှိမ်နင်းနိုင်သည့် အနေအထားတွင် ရှိနေသည်။ ရန်ကုန်တွင် ဆန္ဒပြမှုများ မရှိတော့ပေမယ့် မြို့ပြပျောက်ကြား တော်လှန်ရေး အားကောင်းလာပြီး အကြမ်းဖက်တပ်များကို ခြိမ်းခြောက်နိုင်လာသည်ကို တွေ့ရသည်။

· KIA နှင့် MNDAA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လက်နက်စွမ်းပြမှုကြောင့် အကြမ်းဖက်တပ် များ အသေဆုံးများနေသည်။ကယားနှင့် ကရင်ပြည်နယ်ဘက်တွင်လည်း အကြမ်းဖက်သမားများ အကျအဆုံးများစွာ ဖြင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly