နွေဦးတော်လှန်ရေးသည် အာဏာရှင်စနစ် ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူအပြောင်းအလဲမဟုတ် ကြောင်း NUCC နှင့် NUG ထုတ်ပြန်

By မိုးသောက်၊ 002 (မဇ္ဈိမ)
06 August 2023
နွေဦးတော်လှန်ရေးသည် အာဏာရှင်စနစ် ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူအပြောင်းအလဲမဟုတ် ကြောင်း NUCC နှင့် NUG ထုတ်ပြန်
Photo - AFP (ပုံဟောင်း)

နွေဦးတော်လှန်ရေး၏ရည်မှန်းချက်သည် အသွင်သဏ္ဍာန်သာပြောင်း၍ အနှစ်သာရပြောင်းလဲ ခြင်းမရှိသော အာဏာရှင်စနစ်ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူအပြောင်းအလဲ လုံးဝမဟုတ် ကြောင်း သြဂုတ်လ ၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) တို့က ထုတ်ပြန်လိုက်သည်။

မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမ ရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေး (System Change) ဖြစ်ပြီး အသွင်သဏ္ဍာန်သာပြောင်း၍ အနှစ်သာရပြောင်းလဲခြင်း မရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူအပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ဟု NUCC နှင့် NUG က အာမခံထားသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးတွဲ ထုတ်ပြန်သော “နွေဦးတော်လှန်ရေး၌ အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့ အစည်းများ၏ ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်” ၌ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) အစိတ်အပိုင်း(၁)ပါ ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊ လမ်းညွှန် အခြေခံမူများ၊ အခြေခံမူဝါဒများနှင့် နိုင်ငံရေးလမ်းပြမြေပုံတို့ကို အခြေခံထားသည်ဟု ဖော်ပြထားသည်။

ရည်မှန်းချက်ကိုရောက်ရှိရန် လက်ရှိ တရားမဝင်စစ်အာဏာသိမ်းယူထားမှုကို အပြီးတိုင် ဖယ်ရှားရမည့် အပြင် စစ်အာဏာသိမ်းသည့်အလေ့အထနှင့် စစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ်ချုပ်ငြိမ်းစေရမည်ဟု အခိုင်အမာလက်ခံယုံကြည်ကြောင်း၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏စီမံခန့်ခွဲမှုကို ခြွင်းချက်မရှိလိုက်နာ၍  ပြည်ပရန်ကာကွယ် ရေးတာဝန်ကိုသာထမ်းရွက်သော တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” တည်ထောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော ပဋိပက္ခများအတွင်းသာမက လူထုလူတန်းစား အလွှာအသီးသီးအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ် ခေတ်အဆက်ဆက်ကျူးလွန်ခဲ့သည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ စသည်တို့နှင့်စပ်လျဉ်း၍ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) လုပ်ငန်းစဉ်များကို မဖြစ်မနေ ဦးစားပေးချမှတ် အကောင်အထည်ဖော်မည်ဟု NUCC နှင့် NUG က ဆိုသည်။

“ဒီဟာကဆိုရင် အင်မတန်မှထူးခြားတဲ့ ပူးတွဲထုတ်ပြန်ချက်ပေါ့နော်။ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ ဘုံရပ်တည်ချက် ဘာရှိနေလလဲဆိုတာကို တိတိကျကျနဲ့ NUG နဲ့ NUCC နှစ်ခုက ပူးတွဲ ပြီး ကြေညာတာဖြစ်တယ်။ NUCC ဆိုရင်လည်း အားလုံးပါဝင်တဲ့ လမ်းကြောင်းတခု အတိုင်ပင်ခံကောင်စီ။ NUG ကလည်း မြန်မာကပြည်သူလူထုရဲ့ တရားဝင်အစိုးရ။ ဒီနှစ်ခုကတွဲပြီးတော့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက်ကိုထုတ်ပြန်တာက ကျနော်တို့အတွက် အင်မတန်မှထူးခြားတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုဖြစ်ပါတယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က ပြောသည်။

ရည်မှန်းချက်နှင့် ရပ်တည်ချက်ကို လမ်းလွဲစေမည့် မည်သည့်နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ် သားသား ငြင်းပယ်ကြောင်း၊ ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးကြီးကို မဆုတ်မနစ် ကြံ့ကြံ့ခံ တွန်း လှန်ဆင်နွှဲလျက်ရှိသော တိုင်းရင်းသားများနှင့် အတူတကွလက်တွဲ၍ အန္တိမရည်မှန်းချက်ပန်းတိုင်ရောက် သည်အထိ သာတူညီမျှမှုကို ကိုယ်စားပြုသည့် စုပေါင်းခေါင်းဆောင်မှုနှင့် စုပေါင်းတာဝန်ယူမှုဖြင့် နောက် မဆုတ်စတမ်း၊ မတွေဝေစတမ်း ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ် သည်ဟု NUCC နှင့် NUG က ထုတ်ပြန်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required