ကားမိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် သံလွင်တံတား(ဘားအံ) ဖြတ်သန်းသွားလာခွင့် အချိန်ပြောင်းလဲ

By YT  ( မဇ္ဈိမ)
03 August 2023
ကားမိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် သံလွင်တံတား(ဘားအံ) ဖြတ်သန်းသွားလာခွင့် အချိန်ပြောင်းလဲ
ဓါတ်ပုံ-( လူမှုကွန်ယက်) သံလွင်တံတား (ဘားအံ)

ကရင်ပြည်နယ်၊ ဘားအံမြိို့နယ်၊ သံလွင်တံတား (ဘားအံ) အနီး စစ်ဆေးရေးဂိတ်အရှေ့၌ ကားမိုင်းပေါက်ကွဲမှုဖြစ်ပြီးပွားနောက် စစ်ကောင်စီက သံလွင်တံတား (ဘားအံ) ပေါ်သို့ ဖြတ်သန်းသွားလာချိန်အား ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

သံလွင်တံတား (ဘားအံ) ပေါ်သို့ ဖြတ်သန်းသွားလာချိန်အား ယခင်ကာလက နံနက် ၆ နာရီမှ ည ၁၀ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပြုထားသော်လည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ နံနက် ၆ နာရီမှ ည ၇ နာရီအတွင်းသာ ဖြတ်သန်းသွားလာရန် စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်က သံလွင်တံတား (ဘားအံ)၊ ဘားအံမြို့၊ တရုတ်လှရွာဘက်ခြမ်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အရှေ့တွင် အိမ်စီးကားတစ်စီး၌ မိုင်းထောင်၍ ဖောက်ခွဲခံခဲ့ရပြီးနောက်မှစ၍ လုံခြုံရေးအရဟုဆိုကာ တံတားပေါ်သို့ ဖြတ်သန်းသွားလာချိန် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။ 

" ပေါက်ကွဲမှုဖြစ်ပြီးတော့ လုံခြုံရေးအရဆိုပြီး ပြောင်းလဲသတ်မှတ်လိုက်တာပေါ့။ အရင်က မနက် ၆ ည ၁၀ အထိ သွားလာလို့ရတယ်။ အခုကတော့ မနက် ၆ ည ၇ နာရီ ဖြစ်သွားပြီ" ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 
 
" ဗုံးပေါက်တဲ့ နေ့က သေတာတွေ ရှိကြတယ်လေ၊ ဘာကွာသွားလဲဆိုတော့ သွားလာချိန်နည်းသွားတာပေါ့။ သူတို့ စစ်ဆေးနေတာနဲ့ ရစ်နေတာနဲ့ဆိုတော့ ခရီးက တော်တော်နဲ့ မရောက်တော့ဘူး။ ပြီးတော့ အရင်ကဆို အရပ်ဝတ်တွေနဲ့ ယူနီဖောင်းတွေနဲ့ရော ဒီတိုင်းစစ်တာများတယ်လေ၊ အခုဆို ကျည်ကာတွေပါ ဝတ်ထားကြတယ် " ဟု ဘားအံမြို့ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ်အရှေ့ ကားမိုင်းထောင် ဖောက်ခွဲမှုအား ဘားအံအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Hpa An Guerilla Force က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အထိအခိုက် အကျအဆုံးများအား အတည်ပြုနေဆဲသာဖြစ်ကြောင်း အဆိုပါအဖွဲ့တာဝန်ခံက ဇူလိုင်လ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက မဇ္ဈိမကိုအတည်ပြုပြောဆိုသည်။ 

သံလွင်တံတား (ဘားအံ)သည် မြိုင်ကလေးကျေးရွာနှင့် ဘားအံမြို့အား ဆက်သွယ်ထားသော တံတားဖြစ်ပြီး အဆိုပါ တံတားအစပ်တွင် အခိုင်အမာစစ်ဆေးရေးဂိတ်ပြုလုပ်ထားကာ စစ်ကောင်စီ လက်အအောက်ခံ အုပ်ချုပ်ရေး၊ ရဲနှင့် စစ်သား ၅၀ ဦး ဝန်းကျင်ဖြင့် အထိုင်ချ၍ ခရီးသွားလာသည့် လူငယ်၊ လူရွယ်၊ သက်ကြီး၊ သက်ငယ်မရွေးအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ 

အဆိုပါဂိတ်တွင် နိုင်ငံသားစီစစ်ရေးကဒ်ပြားစစ်ဆေးခြင်း၊ ခရီးဆောင်အိတ်များအတွင်း ရှာဖွေစစ်ဆေးခြင်း၊ အမျိုးသားများအား အဝတ်အစားချွတ်စေ၍ ခန္ဓာကိုယ်ပေါ်၌ နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် တက်တူးများ ရှိမရှိစစ်ဆေးခြင်းတို့အပြင် လက်ကိုင်ဖုန်းများအတွင်းရှိ အချက်အလက်များကိုပါ စစ်ဆေးလေ့ရှိသည်။ 

လက်ကိုင်ဖုန်းများအတွင်းရှိ မက်ဆင်ဂျာ (Messenger)၊ ဓာတ်ပုံခန်း (Gallery)၊ တယ်လီဂရမ် (Telegram) တို့အပြင် ဝှက်ထားသော ဖိုင်များကိုပါ ကွန်ပျူတာနှင့် ချိတ်ဆက်၍ စစ်ဆေးပြီး ထိို့သို့ စစ်ဆေးခံရမှုကြောင့် တော်လှန်ရေးနှင့် ဆက်နွယ်နေသည့် လူငယ်လူရွယ်များ၊သင်တန်းဆင်း ရဲဘော် အများအပြား မကြာခဏ ဖမ်းဆီးခံရကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required