“စုံလင်ကွဲပြား နွေဦးအားမာန်များ” ဘာသာပေါင်းစုံညီလာခံ ကျင်းပ

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
03 September 2023
“စုံလင်ကွဲပြား နွေဦးအားမာန်များ” ဘာသာပေါင်းစုံညီလာခံ ကျင်းပ

နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံညီလာခံကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် စက်တင်ဘာလ ၂ ရက် နှင့် ၃ ရက်နေ့တို့တွင် နှစ်ရက်တာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
“စုံလင်ကွဲပြား နွေဦးအားမာန်များ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစု  ၅၈ ဖွဲ့မှ ကိုယ်စားလှယ် ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဘာသာပေါင်းစုံညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အွန်လိုင်းမှအဖွင့် အမှာစကားပြောကြားခဲ့ပြီး တော်လှန်ရေးအဖွဲ့များက သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

အဆိုပါ ဘာသာပေါင်းစုံညီလာခံသို့တက်ရောက်ခဲ့ခဲ့သည့် အစ္စလာမ်ဘာသာဝင် ဦးထွန်းကြည်က “စုံလင် ကွဲပြား နွေဦးအားမာန်များ” ဆောင်ပုဒ်နဲ့အညီ မြန်မာ့နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံညီလာခံကို ရည်ရွယ်ချက် သုံးချက်နဲ့အညီ ကျင်းပခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ရည်ရွယ်ချက်သုံးရပ်မှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်ချုပ် ငြိမ်းရေး၊ ဘာသာပေါင်းစုံ အတူလက်တွဲ၍ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့ကို အခြေ ခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် စုံလင်ကွဲပြားသော လူမျိုးဘာသာများ အကြား ခွဲခြားဆက်ဆံမှုများပပျောက်၍ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် လက်တွေ့ကျင့်သုံးခွင့်တို့ ကို အပြည့်အဝင်အာမခံရေးတို့ဖြစ်ကြောင်း ၎င်းကဆိုသည်။

ညီလာခံကို နှစ်ရက်တာကျင်းပခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင် ပင်ခံကောင်စီနှင့် တော်လှန်ရေးအဖွဲ့များသို့ အချက်ငါးချက်ပါသည့် အကြံပြုချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းတို့မှာ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူနည်းစုအခွင့်ရေးကိုအာမခံသည့် ဥပဒေများရေးဆွဲရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေများအပါအဝင် ပြည်သူလူထုကို ခွဲခြားဖိနှိပ်သည့်ဥပဒေများကို အပြီးတိုင်ဖျက် သိမ်းရန်၊ လူမှုသဟဇာတ ဖော်ဆောင်ရေးလုပ်ငန်းများကို တော်လှန်ရေးမျက်နှာစာအသီးသီးတွင် အမြန် ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လာမည့်ပညာရေးစနစ်တွင် မတူကွဲပြားမှုများ၊ လိင်စိတ်ခံယူမှု ကွဲပြားမှုများနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စုံလင်ကွဲပြားမှုများကို လက်ခံအသိအမှတ်ပြုသည့် ပြဋ္ဌာန်း ချက်များ ထည့်သွင်းရေးဆွဲရန်နှင့် စစ်ကောင်စီ၏ ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် ထိရောက်၍ လက်တွေ့ကျသော အပြစ်ပေးအရေးယူမှုများနှင့် ကျူးလွန်ခံရသူများအတွက် လုံလောက် သည့်ကုစားမှုများ အမြန်ဆုံးဆောင်ရွက်ရန်တို့ ဖြစ်သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required