ကွတ်ခိုင်နဲ့ မူဆယ်ကြား တိုက်ပွဲဖြစ်နေ

ကွတ်ခိုင်နဲ့ မူဆယ်ကြား တိုက်ပွဲဖြစ်နေ

ဇူလိုင် ၄

ကွတ်ခိုင်နဲ့ မူဆယ်ကြား မန်လုံဘွမ် ကျေးရွာမှာ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကေအိုင်အေနဲ့ စစ်‌‌ကောင်စီတပ်တွေ ယနေ့(ဇူလိုင် ၄) နံနက် တိုက်ပွဲ အပြင်းအထန် ဖြစ်နေတယ်လို့ ဒေသခံတွေက သတင်းပို့ပါတယ်။

မန်လုံဘွမ် ကျေးရွာမှာ နံနက် ရှစ်နာရီ ခွဲခန့်ကစပြီး တိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိသတင်းရေးသားချိန်( ကိုးနာရီ ၁၅ မိနစ်)အထိ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

" ဖြစ်နေတာက ရွာထဲမှာ။ ရွာသားတွေက စစ်ရှောင်စခန်းမှာ ရောက်နေကြလို့ တော်သေးတယ်" ဟု ကျေးရွာမှ ဒေသခံတစ်ဦးကပြောပါတယ်။

မန်လုံဘွမ် ကျေး ရွာဟာ ပြည်ထောင်စုလမ်းမကြီးနဲ့ မလှမ်မကမ်းမှာ ရှိနေတဲ့အတွက် ခရီးသွားပြည်သူတွေ ဂရုစိုက်သွားလာကြဖို့လည်း ဒေသခံတွေက သတိပေး ထားပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်ကြား ပတ်ဝန်းကျင်နေရာတွေမှာ စကစတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ပွဲ မကြာခဏ ဖြစ်နေသလို မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကေအိုင်အေ၊ TNLA တို့ကလည်း စကစတပ်တွေကို သီးခြားစီတိုက်ခိုက်ကြတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

ကွတ်ခိုင်မြို့ဒေသခံတွေဟာလည်း နိုင်ငံတော်အာဏာသိမ်းခံရမှုကို ဆန့်ကျင်တဲ့အနေနဲ့ တောင်တန်းဒေသလူမျိုးပေါင်းစုံတော်လှန်ရေးသပိတ်အမည်နဲ့ လူထုဆန္ဒထုတ်ဖော်ပွဲတွေ မကြာခဏ ပြုလုပ်နေကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly