သထုံခရိုင်အတွင်းမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူ့ဘက်သို့ပူးပေါင်းရန် KNU ထုတ်ပြန်

By YT(မဇ္ဈိမ)
10 December 2023
သထုံခရိုင်အတွင်းမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူ့ဘက်သို့ပူးပေါင်းရန် KNU ထုတ်ပြန်
ပုံအညွှန်း- KNU တပ်မဟာ (၆) နယ်မြေအတွင်း အလင်းဝင်လာသည့် တပ်မ ၄၄ မှ တပ်သားတဦးအား တွေ့ရစဉ် (ဓါတ်ပုံ- KNU Dooplaya District)

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်ရေး၊ အုပ်ချုပ်ရေး ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ပြည်သူ့ဘက်သို့ပူးပေါင်းကြရန် KNU တပ်မဟာ(၁)က ယနေ့ ဒီဇင်ဘာလ ၁၀ ရက် တွင် ကြေညာချက်ထုတ်ပြန် သတိပေးထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် အချက်ခြောက်ချက်ပါဝင်ပြီး ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းခြင်းကို နိုင်ငံတဝှမ်း ပြည်သူများက ဆန့်ကျင်ခဲ့ကြကြောင်းနှင့် အာဏာသိမ်းလိုက်ခြင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးအတွက် ရည်ရွယ်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီက အရပ်သားပြည်သူများကိုပစ်မှတ်ထား တိုက်ခိုက်၊ သတ်ဖြတ်၊ ဖျက်ဆီးမှုများ ကြောင့် ပြည်သူများအနေဖြင့် အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ဘဝ လုံခြုံမှုများကင်းမဲ့နေပြီး ကြီးမားသော ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့နေရကြောင်း ဆိုသည်။

သို့ဖြစ်၍ သထုံခရိုင်အတွင်းရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းများရှိ စစ်ကောင်စီ အရာရှိ၊ အရာခံ၊ တပ်ကြပ်၊ တပ်သားများအနေဖြင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်၊ သတ်ဖြတ်စေသည့် အမိန့်များ ကိုဖီဆန်ပြီး မိမိတို့ရှိနေသည့်နေရာမှ အာဏာရှင်ထောက်တိုင်ဖြိုဖျက်ရေးအတွက် နည်းမျိုးစုံဖြင့် ပါဝင် ကူညီတိုက်ပွဲဝင်ရန်၊ တာဝန်များမှစွန့်ခွာ၍ ပြည်သူလူထုဘက်သို့ ပြောင်းလဲခိုလှုံကာ ပြည်သူလူထု၏ လုံခြုံရေးကို အကာအကွယ်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

ထို့အတူ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြည်သူနှင့်အတူ ပူး ပေါင်း၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ထားသည်။

ထုတ်ပြန်ချက်နှင့်အတူ ပူးပေါင်းဆောင်ရွက်ပါက KNU တပ်မဟာ(၁)က စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း ဆိုသည်။

သထုံခရိုင်သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏နယ်မြေသက်မှတ်ချက်အရ တပ်မဟာ(၁)နယ် မြေအတွင်းပါဝင်ပြီး KNU တပ်မဟာ(၁)သထုံခရိုင်အတွင်း၌ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ဘားအံ မြို့နယ်တို့ ပါဝင်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly