KNU နယ်မြေများတွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များ ငှက်ဖျားရောဂါ ဖြစ်ပွား

By YT  ( မဇ္ဈိမ)
18 July 2023
KNU နယ်မြေများတွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များ ငှက်ဖျားရောဂါ ဖြစ်ပွား
ပုံ (၁) KNU နယ်မြေမှ စစ်ဘေးရှောင်အချို့

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေများ များဖြစ်သည့် သထုံခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဖာပွန်ခရိုင်နှင့် တောင်ငူခရိုင်တို့တွင် ဒေသခံများ၊ တော်လှန်ရေးအင်အားစု ရဲဘော်များအကြား ယခုမိုးတွင်းကာလ၌ ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်ချက်မြင့်တက်နေကြောင်း ဒေသတွင်း တာဝန်ရှိသူများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ရှောင်ကူညီနေသူများထံက သိရသည်။

" မိုးတွင်းဆိုတော့ အဓိက တောထဲမှာ ခြင်တွေ ဖြုတ်တွေကိုက်တာကနေတစ်ဆင့် ငှက်ဖျားဖြစ်လာကြတာပေါ့။ နောက်တစ်ခုက ရေ၊ တောထဲမှာကျ ရေရွေးနေလို့ မရဘူးလေ၊ တွေ့တဲ့ရေ သောက်ရတာပဲ၊ အဲ့ဒီမှာ တချို့ စမ်းရေတွေက ငှက်ဖျားပိုးပါတတ်တော့ အဲ့ဒီလိုရေမျိုး သောက်မိတာတွေဆိုလည်း ငှက်ဖျားဖြစ်လာတာပေါ့" ဟု KNU နယ်မြေအတွင်း ဆေးကုသမှုပေးနေသည့် ဆေးမှူးတစ်ဦးက မဇ္ဈိမကိုပြောသည်။

KNU ထိန်းချုပ်နယ်မြေများတွင် စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံများအနေဖြင့် နေအိမ်တွင် နေထိုင်နိုင်ခြင်းမရှိဘဲ တောတောင်ထဲတွင် စစ်ဘေးရှောင်ရသဖြင့် ခြင်ကိုက်ခြင်း၊ မသန့်ရှင်းသော ရေအား သောက်သုံးမိရာမှတစ်ဆင့် ငှက်ဖျားရောဂါ အဓိကဖြစ်ပွားရခြင်းဖြစ်သည်။ 

ငှက်ဖျားဖြစ်ပွားမှုသည် KNU တပ်မဟာ (၁) နယ်မြေ မွန်ပြည်နယ်၊ သထုံခရိုင်၊ တပ်မဟာ (၃) နယ်မြေ၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) နယ်မြေ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တို့ရှိ စစ်ဘေးရှောင်များနှင့် တော်လှန်ရေး ရဲဘော်များတွင် ဖြစ်ပွားမှု များနေပြီး တပ်မဟာ (၂) နယ်မြေ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်၊ တောင်ငူခရိုင်တွင်လည်း ငှက်ဖျားရောဂါဖြစ်ပွားမှု အနည်းငယ်ရှိနေကြောင်း ဒေသတွင်းတာဝန်ရှိသူများနှင့် သတင်းရင်းမြစ်များထံက သိရသည်။ 

" ရွာသားတွေရော ရဲဘော်တွေမှာပါ ဖြစ်လာတာဗျ။ ကျွန်တော်တို့အဖွဲ့မှာ ရဲဘော်ငါးယောက်လောက်ရှိပြီ။ ဒီဇူလိုင်လအတွင်းမှာဆို ဒီဘက်မှာ အယောက် ၂၀ လောက်ရှိပြီ၊ ရွာသားတွေရော အခြားအဖွဲ့တွေက ရဲဘော်တွေရောပေါ့ " ဟု KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေအတွင်း ဆေးကုသမှုပေးနေသည့် ဆေးမှူးတစ်ဦးက ပြောသည်။ 

ငှက်ဖျားရောဂါဖြစ်ပွားမှု များလာခြင်းနှင့်အတူ  ဆေးကုသမှု လုံလောက်စွာ မပေးနိုင်မှု၊ ဆေးဝါးမလုံလောက်မှုနှင့် စစ်ဘေးရှောင်နေရာများတွင် အမိုး၊ အကာမလုံလောက်မှု၊ ခြင်ထောင်မလုံလောက်မှု စသည့် အခြေခံ လိုအပ်ချက်များလည်း မြင့်တက်နေကြောင်း သိရသည်။ 

" အဓိကကတော့ ဆေးဝါးမလုံလောက်မှုတွေပေါ့ဗျာ။ ငှက်ဖျားဆိုတာနဲ့ Test Kit တွေ လိုလာပြီ၊ ဆေးတွေလိုလာပြီ။ ဒါပေမယ့် စစ်ကြောင်းထိုးတာတွေ၊ တိုက်ပွဲတွေရှိနေတော့ ရောဂါဖြစ်နေတဲ့သူတွေကိုလည်း မြို့ထဲမှာ ဆေးကုဖို့ ပို့လို့မရ၊ ဆေးတွေလည်း အပေါ်တင်လို့မရ အဲ့ဒီလိုတွေ ဖြစ်နေတာပေါ့" ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

KNU ထိန်းချုပ်နယ်မြေများအတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကုသနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ကရင့်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW)၊ ကျန်းမာရေးဝန်ကြီး ပဒိုစောဒိုင်းမွန်းခင်အား မဇ္ဈိမမှ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးချေ။ 

KNU ထိန်းချုပ်နယ်မြေများတွင် ယခုမိုးတွင်းကာလ၌ ငှက်ဖျားရောဂါအပြင် ရာသီတုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းရောဂါများလည်း ဖြစ်ပွားမှု ရှိနေကြောင်း ဒေသတွင်း တာဝန်ရှိသူများက ဆိုသည်။ 

လက်ရှိတွင် စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင်အရေအတွက် ၆၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်ပြီး KNU မှ စစ်ဘေးရှောင်လူဦးရ ၂၆၉,၆၃၁ ဦးအတွက်သာ ကူညီထောက်ပံ့မှု ပေးနိုင်နေကြောင်းနှင့် စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း KNU ဗဟိုက ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required