မြဝတီ-ကော့ကရိတ် အာရှလမ်းမကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိန်းချုပ်ထား

By သွင်ထူးဈာန် (မဇ္ဈိမ)
11 December 2023
မြဝတီ-ကော့ကရိတ် အာရှလမ်းမကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိန်းချုပ်ထား
ပုံအညွှန်း-အာရှကားလမ်းမကြီးတွင် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်များကို တွေ့ရစဉ်။

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကို ထိန်းချုပ်လိုက်ကြောင်း ဒီဇင်ဘာလ ၁၀ ရက် နေ့က ကျားသစ်နက်စစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့က ထိုလမ်းပိုင်းကို ၎င်းတို့ အာဏာတည်မြဲရေးအတွက် အသုံးချခြင်း၊ စစ်အင်အားများ ဖြည့်တင်းခြင်း၊ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင့် ကျားသစ်နက် စစ်ကြောင်းအနေဖြင့် ပြည်သူလူထုလုံခြုံရေးကိုရှေးရှုကာ ထိုလမ်းပိုင်းကို ထိန်းချုပ်ပြီး ဒေသတွင်း လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူ တဦးကပြောသည်။

“ဒီဇင်ဘာလ ၁ ရက်နေ့ကစတင်ပြီး တိုက်ပွဲစဖြစ်တာပေါ့။ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောရဲ့အောက်မှာ ကျနော်တို့ ကျားသစ်နက်စစ်ကြောင်းက အလုပ်လုပ်ကြတယ်။ ညီနောင်ရဲစခန်းကို စစ်ဆင်ရေးလုပ်ခဲ့ တယ်။ ၂ ရက်နေ့မှာ ကော့ကရိတ်ဘက်ကိုလည်း ပိတ်လိုက်ပြီ။ အဲဒီချိန်မှာ ကျနော်တို့ဘက်ကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းကို ပိတ်လိုက်တယ်ပေါ့” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ခံတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အာရှကားလမ်းမကို အသုံးပြုပြီး စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေခြင်း ကြောင့် ပိတ်လိုက်ရခြင်းဖြစ်ကြောင်းသိရသည်။

“သူတို့ရဲ့ လက်နက်အထောက်အကူတို့၊ စကစ(စစ်ကောင်စီတပ်)ဘက်က အသွင်ပြောင်းပြီး အရပ်သား ကားတွေသုံးပြီး အင်းအားဖြည့်တာတို့လုပ်တယ်၊ အဲ့ဒါကြောင့်ပိတ်လိုက်တာ။ အနီးအနားက ရွာသားတွေ ကို သေချာစီစစ်ပြီး ပြန်လွတ်ပေးတာရှိပါတယ်” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ခံတဦးကပြော သည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမတလျှောက်ရှိ စစ်ကောင်စီတပ်စခန်း များ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာများ တိုက်ခိုက်ခံနေရပြီး ကော့ကရိတ်မြို့နယ်မှ စခန်းနှစ်ခုကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကြောင့် ကော့ကရိတ်ခရိုင်တွင် အရပ်သား  ၄၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေကြရပြီး အရပ်သား၂၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသတွင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက် နှင့် ၇ ရက်နေ့က မြဝတီမြို့ ခရိုင်ရဲရုံးနှင့် မြို့နယ်ရဲစခန်းတို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly