ကျိုက်ထိုတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

By YT(မဇ္ဈိမ)
20 September 2023
ကျိုက်ထိုတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး
ဓါတ်ပုံ- ကျိုက်ထိုမြို့အဝင်ဆိုင်းဘုတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမအနီးရှိ လမ်းဆုံတွင် ကင်းပုန်းယူနေ သည့် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်း ပြန် ကြားရေးမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး သစ် ကွင်းလမ်းဆုံ၌ အင်အား ၁၀ ဦးကျော်ဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား တပ်မဟာ (၁) KNLA ၊ ပူးပေါင်းတပ်ဖွဲ့များနှင့် တောကျီးကန်းစစ်ကြောင်း တပ်ခွဲ(၂)က သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီကင်းပုန်းဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ တနာရီနီးပါး ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးခဲ့ကြောင်း ဆိုသည်။

“ရန်သူအင်အားက တပ်စိတ်တစိတ်ဆိုတော့ ၁၀ ယောက်ကျော်ရှိတယ်။ တိုက်ပွဲကြာချိန်ကတော့ ခန့်မှန်း တနာရီနီးပါးရှိပါမယ်။ စကစငါးဦးသေဆုံးတာကိုတော့ ရွာခံမျက်မြင်သက်သေတွေဆီကနေ သိရပါတယ်” ဟု တောကျီးကန်းစစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က သစ်ကွင်းလမ်းဆုံတဝိုက်မှ ပြန်လည်ထွက်ခွာရန် လက်နက် ကြီးများဖြင့် နီးစပ်ရာများသို့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲပြီးတော့မှ ပြန်လည်ဆုတ်ဖို့အတွက် လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တာတွေရှိတယ်၊ လက်နက် ကြီးတွေနဲ့ ပစ်ကူလုပ်ပြီး ပြန်ဆုတ်သွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ နတ်ကြီး BGF စခန်းအား တပ်မဟာ (၁) KNLA တပ်မဟာ ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း Federal Wings က ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ BGF တဦးသေဆုံး၍ ရှစ်ဦး ဒဏ်ရာရရှိ ကြောင်း သိရသည်။
ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ အတွင်းတည်ရှိပြီး အဆိုပါနယ်မြေအတွင်းရှိ စစ်ကောင်စီ အထိုင်ချတပ်ရင်းများ၊ စခန်းများ၊ စစ်ဆေးရေး ဂိတ်စခန်းများ၊ ကင်းပုန်းများ၊ စစ်ယာဉ်တန်းများကို တပ်မဟာ (၁) KNLA ပါဝင်သော တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ သေနတ်များဖြင့် မကြာခဏ သွားရောက် တိုက် ခိုက်လေ့ရှိကြောင်း၊ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီဘက်တွင် အထိအခိုက်များရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required