ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် တရုတ်ကြိုးပမ်း

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် တရုတ်ကြိုးပမ်း
Photo - CHOICE

မကြာမီ ပြုလုပ်မည့် ထိုင်ဝမ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် တရုတ် က အရှိန်မြှင့်လိုက်ပြီး ထိထိရောက်ရောက် ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရန် ထိပ်တန်းအရာရှိများအား တိုက်တွန်း လိုက်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ စတုတ္ထအဆင့်နှင့် ထိုင်ဝမ်ရေးရာခေါင်းဆောင် ဝမ်ဟွန်နင်း သည် ဇန်နဝါရီ ၁၃ တွင် ပြုလုပ်မည့် ထိုင်ဝမ် ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ညှိနှိုင်းဆောင်ရွက်ရန် အဆင့်မြင့်အစည်းအဝေးတစ်ရပ်ကို ပြီးခဲ့သည့် သီတင်းပတ်က ခေါ်ယူခဲ့ကြောင်း သိရသည်။

ဝမ် က သိသာထင်ရှားသော စွက်ဖက်မှုများကို လျှော့ချ၍ ထိုင်ဝမ် ပြည်သူများ ၏ ထင်မြင် ယူဆချက်များ အပေါ် သြဇာလွှမ်းမိုးမှု အရှိန်မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေး ဆွေးနွေးခဲ့သည်ဟု ထိုင်ဝမ် ထောက်လှမ်းရေး အသိုင်းအဝိုင်းမှ အချက်အလက်များကို ကိုးကားပြီး အမည်မဖော်လိုသူ အရာရှိက ပြောကြားသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ၏ အကြံပေးပုဂ္ဂိုလ် အဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သော ဝမ် သည် ယခုနှစ် အစောပိုင်းတွင် ရှီကျင့်ဖျင် ဦးဆောင်သော ဆုံးဖြတ်ချက်ချရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း CNN က ဖော်ပြခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တင်းမာမှုများ မြင့်တက်နေချိန် ဖြစ်၍ တရုတ်သည် ထိုင်ဝမ်အပေါ် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ဖိအားများ တိုးမြင့်လာသည်ဟူသော စွပ်စွဲမှုများ ထွက်ပေါ်လာသည်။ လက်ရှိ စစ်တမ်းများအရ ထိုင်ဝမ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ကိုယ်စားလှယ်လောင်း ဒုတိယသမ္မတ လိုင်ကျင်းတီက  ဦးဆောင်နေသည်။

တရုတ်သည် DPP ကို ဆန့်ကျင်၍ ၎င်း နှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးကို လိုလားသည့် ကိုယ်စားလှယ်လောင်းများကို ထောက်ခံအားပေးရန် ထိုင်ဝမ်ရွေးကောက်ပွဲများတွင် ဝင်ရောက် စွက်ဖက်လေ့ရှိသည် ဟု စွပ်စွဲခံထားရသည်။

ထိုင်ဝမ်ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အား လွန်ခဲ့သည့်လက ဆန်ဖရန်စစ္စကို တွေ့ဆုံပွဲတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က သတိပေးခဲ့ပြီးနောက် ယခု အစည်းအဝေးကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်အရာရှိက ပြောကြားသည်။ တရုတ်၏ ပါဝင်ပတ်သက်မှု အထောက်အထားများကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည့် ပြင်ပအဖွဲ့အစည်းများကို ရှောင်ရှားရန် မဟာဗျူဟာမြောက် အရေးကြီးကြောင်း ဝမ် က အလေးပေး ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် အရာရှိများအား ကွန်မြူနစ်ပါတီ ဗဟိုဝါဒဖြန့်ချိရေးဌာနနှင့် ဖူကျိုးရှိ စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးယူနစ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် Base 311 တို့နှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်။ ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော Base 311 သည် တရုတ် ၏ ထိုင်ဝမ်အပေါ် လူထုအမြင် ထိုးစစ်၊ စိတ်ပိုင်းဆိုင်ရာ ထိုးစစ်နှင့် တရားဥပဒေဆိုင်ရာ ထိုးစစ် ဟူသည့် "ထိုးစစ်သုံးမျိုး" မဟာဗျူဟာ ကို အဓိကထား ကြောင်း CNN က ဖော်ပြသည်။

မဟာဗျူဟာများတွင် ရွေးကောက်ပွဲကို "စစ်ပွဲနှင့် ငြိမ်းချမ်းရေးကြားတွင် ရွေးချယ်မှု" အဖြစ် သရုပ်ဖော်၍ တင်းမာမှုများအတွက် DPP အား အပြစ်တင်ခြင်းနှင့် DPP ကိုယ်စားလှယ်လောင်းများအား "သေကြေပျက်စီးမှုများ ဖြစ်စေသော ထိုင်ဝမ်ခွဲထွက်ရေးသမားများ" အဖြစ် ပုံသွင်းသည့် ဝါဒဖြန့်မှုများ ပါဝင်သည်။

ထိုင်ဝမ်နှင့် နောက်ဆုံးတွင် ပြန်လည်ပေါင်းစည်းရန် ကတိပြုထားသော တရုတ်ကွန်မြူနစ်ပါတီသည် ပြင်းထန်သော ရပ်တည်ချက်တစ်ရပ်ကို ဆက်လက် လုပ်ဆောင်နေ၍ ထိုင်ဝမ်အများစုကမူ သီးခြား ရပ်တည်လိုသော ဆန္ဒရှိကြသည်။ ထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် DPP က ရှုမြင်ပြီး ၎င်းမှာ တရုတ်ကို ‌ဒေါသထွက်စေသည်။

၂၀၁၉ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲ နှင့် ဥပဒေပြုရေး ရွေးကောက်ပွဲများ မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် ပြည်ပစွက်ဖက်မှု တိုက်ဖျက်ရေး ဥပဒေကို  ထိုင်ဝမ် ဥပဒေပြုလွှတ်တော် က ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေသည် နိုင်ငံရပ်ခြားအဖွဲ့အစည်း၊ အထူးသဖြင့် တရုတ်မှ နိုင်ငံရေးအရ လှူဒါန်းမှုများပြုလုပ်ခြင်း၊ သတင်းမှားများဖြန့်ဝေခြင်း၊ မဲဆွယ်ပွဲများကျင်းပခြင်း သို့မဟုတ် ထိုင်ဝမ်ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်း တို့ကို တားမြစ်ခြင်းဖြင့် ဥပဒေ ကွာဟချက်များ အား ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly