မြန်မာရှိ တယ်လီကွန်း အလိမ်အညာဂိုဏ်းများ၏ ခေါင်းဆောင် ၁၀ ဦးကို တရုတ် ဖမ်းဝရမ်းထုတ်

မြန်မာရှိ တယ်လီကွန်း အလိမ်အညာဂိုဏ်းများ၏ ခေါင်းဆောင် ၁၀ ဦးကို တရုတ် ဖမ်းဝရမ်းထုတ်
Photo: AFP

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် လှုပ်ရှားသော တယ်လီကွန်း လိမ်လည်မှုဂိုဏ်းများကို ဦးဆောင်သည့် အဓိကလူပုဂ္ဂိုလ် ၁၀ ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဝရမ်းထုတ်လိုက်ပြီး ၎င်းတို့အား ဖမ်းဆီးမိရေးအတွက် သတင်းပေးပါက များပြားသည့် ဆုကြေးငွေများ ချီးမြှင့်မည်ဟု ထုတ်ပြန်သည်။

သံသယရှိသူများ၊ စနစ်တကျ စီစဉ်ထားသော ပြစ်မှုကျူးလွန်သူ မိသားစုများ၏ မိသားစုဝင်အားလုံး အဖမ်းခံပြီး တရားဥပဒေနှင့် ရင်ဆိုင်ရန် ရဲတပ်ဖွဲ့က တိုက်တွန်းလျက် ရှိကြောင်း တရုတ်၏ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထို့ပြင် အဆိုပါ လူပုဂ္ဂိုလ် ၁၀ ဦး ကို ဖမ်းဆီးမိရေးအတွက် အရေးကြီး သတင်းအချက်အလက်နှင့် အကူအညီ ပံ့ပိုးပေးသူများကို ယွမ် ၁၀၀,၀၀၀ (စင်္ကာပူဒေါ်လာ ၁၈,၇၀၀) မှ ယွမ် ၅၀၀,၀၀၀ အထိ ဆုကြေးငွေများ ချီးမြှင့်မည်ဟုလည်း သိရသည်။

ထုတ်ပြန်ချက်အရ အခြေအနေ၏ ကြီးလေးမှုကို မီးမောင်းထိုးပြသနေပြီး အဆိုပါ မိသားစု ရာဇဝတ်ဂိုဏ်းများသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ကာလကြာ ပျံ့နှံ့ရှိနေသည့် တယ်လီကွန်း အလိမ်အညာ လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု ပြောဆိုသည်။

ထို့ပြင် ၎င်းတို့သည် ၎င်းတို့၏ ဥပဒေနှင့်မညီသည့် လုပ်ရပ်များကို ကာကွယ်ရန် လက်နက်များ ပေါ်ပေါ်ထင်ထင် ကိုင်ဆောင်ပြီး သိသာများပြားသည့် ဘဏ္ဍာရေး ဆုံးရှုံးမှုများကို ဖြစ်စေကာ အများပြည်သူ၏ အမျက်ဒေါသတို့ကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

တရုတ်၏ ယခု ဖမ်းဝရမ်းထုတ်မှုမတိုင်မီ ၂၀၂၃ နိုဝင်ဘာလကလည်း မြီရှောက်ချန်း ခေါင်းဆောင်သော သီးခြား မိသားစု ဦးဆောင်သည့် ဂိုဏ်းတခု၏ ခေါင်းဆောင် လေးဦးကို တရုတ်က ဖမ်းဝရမ်းနှင့် ဆုကြေးငွေများ ထုတ်ခဲ့သေးသည်။

မြန်မာစစ်ကောင်စီ တာဝန်ရှိသူများနှင့် တရုတ်၏ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်မှုကြောင့် မြီသည် အဖမ်းမခံရမီ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီး ကျန်သုံးဦးသည် ဖမ်းဆီးခံရကာ ဥပဒေအရ တရားစွဲဆိုမှုကို ရင်ဆိုင်နေရသည်။

ယခု လောလောလတ်လတ် ပစ်မှတ်ထားခံရသည့် သံသယရှိသူများသည် ပယ်ဆောက်ချိန်၊ ဝေဟွိုင်ရန်နှင့် လျိုကျိန်ရှန်း ဦးဆောင်သည့် သီးခြား မိသားစု အခြေပြု ငွေလိမ်ဂိုဏ်း သုံးခုနှင့် ရွှီလောင်ဖာ ဦးဆောင်သည့် နောက်ထပ် အဖွဲ့တခုတို့ကို စီမံခန့်ခွဲနေသည်ဟု သံသယရှိခြင်းခံရသည်။

လျောင်နင်း၊ ဖူကျန်းနှင့် ချုံကျင်းရှိ ရဲများက စုဆောင်းရရှိသည့် သက်သေအထောက်အထားများအရ အဆိုပါ ဂိုဏ်းအဖွဲ့များသည် အချိန်ကာလတခုကြာ တရုတ်နိုင်ငံသားများကို လိမ်ညာလှည့်ဖြား နေခဲ့ပြီး လူသတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် ပြန်ပေးဆွဲမှု အပါအဝင် ကြမ်းတမ်းသည့် ပြစ်မှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ပြသနေသည်။

သံသယရှိသူ ၁၀ ဦးအနက် ရှစ်ဦးသည် အမျိုးသားများဖြစ်ပြီး နှစ်ဦးသည် အမျိုးသမီးများဖြစ်သည်။ ၎င်းတို့အနက် ခြောက်ဦးသည် တရုတ်မြို့များအတွင်း လိပ်စာများ မှတ်ပုံတင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly