တောင်တရုတ်ပင်လယ်တွင်း သင်္ဘောတိုက်မှုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် တရုတ် အပြန်အလှန် စွပ်စွဲ

တောင်တရုတ်ပင်လယ်တွင်း သင်္ဘောတိုက်မှုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် တရုတ် အပြန်အလှန် စွပ်စွဲ
Photo: AFP

တောင်တရုတ်ပင်လယ်တွင်းရှိ အငြင်းပွားသောင်ခုံတခုအနီး သင်္ဘောများအကြား ဝင်ဆောင့်တိုက်မှုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် တရုတ်တို့ ဒီဇင်ဘာ ၁၀ ရက်တွင် အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ပြုလုပ်ကြသည်။ အရေးပါသည့် ရေကြောင်း၌ ပိုင်ဆိုင်မှုအရေးဆိုမှုများနှင့်ပတ်သက်ပြီး တင်းမာမှုများ အရှိန်မြင့်တက်နေသည်။

တရုတ်သင်္ဘောသည် ဖိလစ်ပိုင်ထောက်ပို့သင်္ဘောများနှင့် ကမ်းခြေစောင့်သင်္ဘောတစင်းတို့ကို မီးသတ်ပိုက်ဖြင့် ထိုးပက်ပြီး ဝင်ဆောင့်တိုက်ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က စွပ်စွဲပြီး သင်္ဘောတစီးတွင် “ကြီးမားသည့် အင်ဂျင်ထိခိုက်မှု” ကို ဖြစ်စေခဲ့ကြောင်း ပြောသည်။ တချိန်တည်းမှာပင် ဖိလစ်ပိုင်သင်္ဘောက မိမိတို့ သင်္ဘောကို တမင် ဝင်ဆောင့်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံကျော်ရှိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် ဖြတ်သန်းရာ ရေလမ်းကြောင်းတခုဖြစ်သည့် တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က ပြောသည်။ တချိန်တည်းမှာပင် တောင်တရုတ်ပင်လယ်၏ နယ်မြေအစိတ်အပိုင်းများကို ပိုင်ဆိုင်ကြောင်း ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းတို့ကလည်း အရေးဆိုသည်။ တရုတ်၏ ပြောဆိုချက်များက ဥပဒေအခြေခံ မရှိဟု ၂၀၁၆ ခုနှစ်က ခုံသမာဓိ အမြဲတမ်းတရားရုံးက ပြောသည်။

ပေကျင်းနှင့် မနီလာသည် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်ရှိ လူမနေသော Second Thomas သောင်ခုံဝန်းကျင်တွင် ကြောင်က ကြွက်ကို ကစားသလို ကစားနေကြသည်။ ဖိလစ်ပိုင်သည် ၎င်းတို့၏ ပင်လယ်ရေကြောင်း အရေးဆိုမှုများကို ကာကွယ်ရန် ၁၉၉၉ ခုနှစ်က တမင် ကျောက်ချရပ်နားထားသော သက်တမ်းကြာ စစ်သင်္ဘောတစီးပေါ်တွင် စခန်းချနေထိုင်သည့် ဖိလစ်ပိုင်စစ်သားများအတွက် ထောက်ပို့မစ်ရှင်များကို ဖြန့်ကျက်လုပ်ဆောင်သည်။

သောင်ခုံသည် နိုင်ငံတကာက စပရတ်တလေ ကျွန်းစုဟု သိကြသည့် ကျွန်းစု၏ တစိတ်တဒေသဖြစ်သည်။

တရုတ်သင်္ဘောသည် အရပ်သား မောင်းနှင်သည့် ဖိလစ်ပိုင် အစိုးရငါးဖမ်းသင်္ဘောတစင်းကို မီးသတ်ပိုက်ဖြင့် ထိုးပက်ပြီး “ဥပဒေမဲ့၊ ရန်လိုသည့် လုပ်ရပ်များ” လုပ်ဆောင်ကြောင်း ဖိလစ်ပိုင်က ဒီဇင်ဘာ ၉ ရက်တွင် စွပ်စွဲသည်။ ထိုလုပ်ဆောင်ချက်က တရားဝင်သည့် “ထိန်းချုပ် အစီအမံများ” ဖြစ်သည်ဟု ပေကျင်းက ပြောသည်။

ဖိလစ်ပိုင်သင်္ဘောနှစ်စင်းသည် အကြိမ်ကြိမ် သတိပေးမှုများကို လျစ်လျူရှုပြီး တရုတ်အစိုးရ၏ ခွင့်ပြုချက်ကို မတောင်းခံဘဲ နန်ရှားကျွန်းစုရှိ ရန်းအိုက် ကျောက်တန်းနှင့်ကပ်လျက် ရေပြင်သို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တရပ် ထုတ်ပြန်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly