မတ်လအတွင်း စစ်ဆင်ရေး အကြိမ် ၄၀ ကျော်လုပ်ဆောင်ခဲ့ကြောင်း HRS ထုတ်ပြန်

By ဂျူချန်း၊ YT (မဇ္ဈိမ)
04 April 2023
မတ်လအတွင်း စစ်ဆင်ရေး အကြိမ် ၄၀ ကျော်လုပ်ဆောင်ခဲ့ကြောင်း HRS ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေ၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့ နယ်များရှိ စစ်ကောင်စီတပ်စခန်းများအား မတ်လအတွင်း စစ်ဆင်ရေး ၄၂  ကြိမ် ပြုလုပ်ခဲ့ကြောင်း Hawk Revolutionary Squad- HRS က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်များရှိ စစ်ကောင်စီ၏ တပ်ရင်းများ၊ အထိုင်ချ တပ် စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ကင်းပုန်းများအား “OPERATION BLOOD DEBT”စစ်ဆင်ရေးအဖြစ် ဒရုန်းဖြင့် ၃၉ ကြိမ် တိုက်ခိုက်ခဲ့ပြီး ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်၌ ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဉ်တန်းများအား သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
 
“စကစ(စစ်ကောင်စီ)ဘက်က သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရမှု အတော်လေးများပါတယ်။ တစ်ချို့ကို မျက် မြင်တွေ့ရတယ်၊ တစ်ချို့ကျ သတင်းပြန်ရတယ်၊ ထုတ်ဖော်‌ပြောလို့ အဆင်မပြေတဲ့အကြောင်းရင်း တချို့ ကြောင့် ထည့်သွင်းမဖော်ပြတာပါ။ တိုက်ခိုက်မှုတိုင်းမှာ သေဆုံးတာ၊ အနည်းဆုံးဒဏ်ရာရတာတွေ ရှိပါ တယ်” ဟု HRS တာဝန်ရှိသူကမဇ္ဈိမကိုပြောသည်။

အဆိုပါ “OPERATION BLOOD DEBT” စစ်ဆင်ရေးအဖြစ် ဘီးလင်းမြို့နယ်အတွင်း၌ ခမရ(၃)၊ အမတ (၃၁၄) (ဇီးဝန်း)၊ ဘီးလင်းတိုးဂိတ်၊ ဘီးလင်းမြို့အဝင်ရဲကင်း၊ ပိန္နဲတောတပ်စခန်း၊ လေးကေတပ်စခန်း၊ သထုံမြို့နယ်တွင် ခမရ(၉)(ဝင်းပ)၊ ခမရ(၁)(ဒူးရင်းဆိပ်)၊ အမတ(၄၀၂)၊ ဒုံသမိစစ်ဆေးရေးဂိတ်၊ မိုးကောင်းလမ်းဆုံရှိ ကင်းပုန်းများ၊ ခြေတော်ရာဘုရားအနီးကင်းပုန်း၊ ကျိုက်ထိုမြို့နယ်တွင် မရမ်းချောင် စစ်ဆေးရေးဂိတ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ဝင်းကလောစစ်ဆေးရေးဂိတ်နှင့် သထုံ၊ ဘီးလင်းလမ်းပိုင်းရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများအား တိုက် ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ပစ်မှတ်အပေါ် မူတည်ပါတယ်။ ၆၀ မမ တစ်လုံးက လက်ရှိမှာ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကုန် ကျပါတယ်၊ အရေးကြီးတဲ့ စစ်ဆင်ရေးတွေဆို ၆၀ မမ တွေသုံးပါတယ်၊ မစ်ရှင်တစ်ခုမှာ အနည်းဆုံး ဗုံးသီး ၁၀ လုံး သုံးရပါတယ်၊ ကျန်တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ရိက္ခာအတွက် ကုန်ကျမှုတွေလည်းရှိတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား KNLA တပ်မဟာ(၁)မှဦးဆောင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

စစ်ဆင်ရေးများအတွင်း အပြန်အလှန်ပစ်ခတ်မှုများနှင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးပစ်ခတ် မှုများရှိခဲ့ရာ ပူးပေါင်းတပ်ဖွဲ့ဘက်တွင်အထိအခိုက်မရှိခဲ့သော်လည်း အန္တရာယ်များခဲ့ကြောင်း HRS တာဝန် ရှိသူက ဆိုသည်။ 

“တချို့မစ်ရှင်မှာဆိုရင် ရန်သူ့လက်နက်ကြီးက ကိုယ့်အနားမှာလာကျတယ်။ ကွဲတာရှိသလို မကွဲတာ လည်းရှိတယ်။ ဒရုန်းပိုင်းလော့ ရဲဘော်တွေဆိုရင် ဖိအားအများဆုံးနဲ့ အပင်ပန်းဆုံးပဲ။ လူဘေးကင်းရေး အပြင် ဒရုန်းရဲ့ဘေးကင်းရေးကိုပါ ဂရုစိုက်ရတယ်။ တကယ်တော့ ဒရုန်းပိုင်းလော့က ရုပ်ပိုင်းရော စိတ်ပိုင်း ဆိုင်ရာမှာပါ တော်တော်လေးစွန့်စားယူရတာပါ။ မစ်ရှင်ပြီးလို့ ပြန်ပြောရင်သာ ရယ်စရာဖြစ်တာ၊ တကယ် တမ်းစစ်မျက်နှာမှာဆိုရင် ချရင်ချ မချရင် သေပဲ” ဟု ပြောသည်။

KNU တပ်မဟာ(၁)၊ သထုံခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်များကြား တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိရာ မတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အမျိုးသမီးသုံးဦး အမျိုးသား ၁၀ ဦး သေဆုံးပြီး အရပ်သား ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ မတ်လအတွင်း စစ်တမ်းများတွင် ဖော်ပြထား သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာအုပ်စုခုနစ်ခုမှ ပြည်သူ ၃,၈၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly