လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကြီး မီးလောင်ပျက်စီး

By 001(မဇ္စျိမ)
10 December 2023
လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကြီး မီးလောင်ပျက်စီး
Photo - သီရိမင်္ဂလာစျေးမီးလောင်မှုအား ယနေ့ နံနက်ပိုင်းကတွေ့ရစဥ် (CJ)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး)တွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအများအပြား ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ မနက် ၇ နာရီခွဲထိ မီးကတော့မငြိမ်းသေးဘူး။ အနောက်ဖက်ခြမ်းရယ် အရှေ့ဖက်ခြမ်းရယ် ဆက် လောင်နေတုန်းပဲ။ တော်တော်များတယ်။ ၈၀ ရာခိုင်နှုန်း လောက်အထိ လောင်ကျွမ်းသွားတယ်။ သိပ် မကျန်တော့ဘူး။ အလယ်လောက်နဲ့ နည်းနည်းပဲကျန်ပါတယ်။ ဒီမှာက မီးသတ်ကားတွေ ဘာတွေလည်း မရှိတော့ ဘယ်သူမှလည်း ငြှိမ်းလို့မရဘူးလေ။ မီးကလည်း ဆက်လောင်နေတယ်”ဟု မြို့ခံတဦးက ပြော သည်။

ယနေ့ နံနက်အစောပိုင်း ၁ နာရီ အချိန်ခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲမှုကြောင့် မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကာ မီးသတ်ကားများနှင့် မီးငြိမ်းသတ်မည့်သူများ မရှိသည့် အတွက် ဈေးတခုလုံးနီးပါး လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ဆိုသည်။

Photo - သီရိမင်္ဂလာစျေးမီးလောင်မှုအား ယနေ့ နံနက်ပိုင်းကတွေ့ရစဥ် (CJ)

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မြို့၏ အထင်ကရ တောင်ကွဲ စေတီ လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး သီရိမင်္ဂလာမြို့မဈေးကြီးလည်း မီးလောင်ပြာကျခဲ့ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KnIC ကလည်း ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့များက ၁၁၁၁ စစ်ဆင်ရေး ဆင်နွှဲနေပြီး တလနီးပါး ကြာမြင့်လာသည်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန် လျက်ရှိသည်။

တိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက် ဖြင့်ကြီးပစ်ခတ်မှုများ ပြုလုပ်နေပြီး ဒေသခံများ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

Photo - သီရိမင်္ဂလာစျေးမီးလောင်မှုအား ယနေ့ နံနက်ပိုင်းကတွေ့ရစဥ် (CJ)

လက်ရှိ လွိုင်ကော်မြို့တွင်းတိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ရှိသူထံ မဇ္ဈိမက ဆက်သွယ်ခဲ့သော် လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

သို့သော် လွိုင်ကော်မြို့၏ ၅၀ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နိုင် နေပြီဖြစ်ကာ စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KNDF တာဝန်ရှိသူက ဒီဇင်ဘာလ ပထမပတ်အတွင်းက မဇ္စျိမကို ဖြေဆိုထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required