တရုတ် ခါးပတ်လမ်းစီမံကိန်း သဘောတူညီချက်ကို အီတလီ ရပ်ဆိုင်း

တရုတ် ခါးပတ်လမ်းစီမံကိန်း သဘောတူညီချက်ကို အီတလီ ရပ်ဆိုင်း
ပုံအညွှန်း - တရုတ်ခါးပတ်လမ်း စီမံကိန်း မြေပုံ (ဓာတ်ပုံ-ResearchGate)

အီတလီသည် G7 အဖွဲ့ဝင်များမပါဝင်သော တရုတ် ခါးပတ်လမ်းစီမံကိန်း (Belt and Road Initiative) မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်အစိုးရအား တရားဝင် ပြောကြားလိုက်သည်။ စီမံကိန်းတွင် ပါဝင်ခဲ့သော နားလည်မှု စာချွန်လွှာကို သက်တမ်းတိုးတော့မည် မဟုတ်ကြောင်း အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ ကိုယ်စား လွန်ခဲ့သည့် သုံးရက်က တရုတ်သို့ သံတမန်ရေး အသိပေးစာ တစောင် ပေးပို့ခဲ့သည်။

ခါးပတ်လမ်းစီမံကိန်းတွင် အီတလီ စတင်ပါဝင်ခဲ့သော ၂၀၁၉ နားလည်မှု စာချွန်လွှာသည် ၂၀၂၄ မတ် တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အချိန် သုံးလကြိုတင်၍ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို စာရေးသား သတိပေးခြင်းမရှိပါက နောက်ထပ် ငါးနှစ်အတွက် အလိုအလျောက်သက်တမ်းတိုးသွားမည်ဖြစ်သည်။

"တရုတ်နှင့် မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းလိုသည်" ဟုလည်း အီတလီ က မှတ်ချက်ပြုကြောင်း အီတလီသတင်းစာ Corriere della Sera နှင့် အနောက်တိုင်း သတင်းများက ဖော်ပြကြသည်။  

အီတလီတွင် ဒီဇင်ဘာ ၆ ရက် က ကျင်းပခဲ့သော အခမ်းအနားတစ်ခု၌ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုတာဂျာနီ က ယင်း သတင်းကို အတည်ပြုခဲ့ကြောင်း Bloomberg က ဖော်ပြသည်။ အဆိုပါ စီမံကိန်းတွင် အီတလီ ပါဝင်မှုသည် "လိုချင်သော အကျိုးသက်ရောက်မှုများ ရမလာ" သောကြောင့် ၎င်းသည် "ဦးစားပေး" မဟုတ်တော့ကြောင်း၊ စီမံကိန်းတွင် မပါဝင်ခြင်းကြောင့် "ပိုမိုကောင်းမွန်သောရလဒ်များ" ရှိကြောင်း တာဂျာနီ က ဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် လက်မှတ်ရေးထိုးထားသော စီမံကိန်းများထဲမှ တခုဖြစ်သည့် ခါးပတ်လမ်းစီမံကိန်း၏ အခြေခံ အဆောက်အဦ အစီအစဉ်တွင် ပါဝင်မည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ၁၄၈ နိုင်ငံအနက် အီတလီလည်း ပါဝင်သည်။

ဥရောပသမ္မဂ (EU) အဖွဲ့ဝင် ထက်ဝက်ကျော်သည် ခါးပတ်လမ်းစီမံကိန်း တွင် ပါဝင်ကြသော်လည်း မကြာသေးမီနှစ်များအတွင်း အီးယူ-တရုတ် ဆက်ဆံရေး တင်းမာလာသောကြောင့် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့သည်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဘန် သည် မကြာသေးမီက တရုတ်တွင် ပြုလုပ်ခဲ့သော ခါးပတ်လမ်းစီမံကိန်း ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သည့် EU အဖွဲ့ဝင်နိုင်ငံများမှ တဦးတည်းသော နိုင်ငံ့ခေါင်းဆောင် ဖြစ်ပြီး အခြားအဖွဲ့ဝင်အချို့က အောက်ခြေအဆင့် ကိုယ်စားလှယ်များကိုသာ စေလွှတ်ခဲ့သည်။

တရုတ်တွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေး အကြိုကာလတွင် အီတလီ ၏ စီမံကိန်း ရပ်ဆိုင်းမည့် သတင်း ထွက်ပေါ်လာသည်။ ဥရောပကောင်စီ အကြီးအကဲ ချားလ်စ် မိုက်ကယ်လ် နှင့် ဥရောပသမ္မဂ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် တို့သည် ဥရောပသမ္မဂ မူဝါဒ ရေးရာအကြီးအကဲ ဂျိုးဆက် ဘိုရဲလ် နှင့်အတူ ဒီဇင်ဘာ ၇ တွင် သမ္မတ ရှီ၊ ဝန်ကြီးချုပ် လီချန်း တို့နှင့် တွေ့ဆုံ၍ ကုန်သွယ်ရေး မကျေမနပ်မှုများ အပါအဝင် တရုတ်နှင့် ရုရှားဆက်ဆံရေးအထိ ပြဿနာများကို ဆွေးနွေးမည်ဖြစ်သည်။

အထူးသဖြင့် ဗွန်ဒါလီယန် သည် ခါးပတ်လမ်းစီမံကိန်းနှင့် ပတ်သက်၍ အမြဲတစေ ဝေဖန်နေသူ တဦး ဖြစ်ပြီး ဘရပ်ဆဲလ်တွင် ဥရောပနိုင်ငံများအတွက် ရွေးချယ်စရာတခုအဖြစ် Global Gateway စီမံကိန်း ကို စတင်ခဲ့သည်။  

“တရုတ်ကွန်မြူနစ်ပါတီရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်ကတော့ တရုတ် နှင့် ပတ်သက်တဲ့ နိုင်ငံတကာ စည်းမျဥ်းစနစ် တွေကို ပြောင်းလဲဖို့ ဖြစ်တယ်။ ခါးပတ်လမ်းစီမံကိန်း နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဘဏ်အသစ်တွေ ဒါမှမဟုတ် လက်ရှိ နိုင်ငံတကာ စနစ်နဲ့ အပြိုင်တည်ဆောက်ထားတဲ့ တခြား တရုတ် ဦးဆောင်တဲ့ အဖွဲ့အစည်းတွေကို တွေ့နေရတယ် ” ဟု သူမက ပြောသည်။

သို့သော် တရုတ်သံတမန်များသည် အစီအစဉ်နှစ်ခုကြားတွင် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများ နှင့် ပတ်သက်သည့် စိတ်ကူးများကို မကြာခဏ ထုတ်ဖော်ခဲ့သည်။ Global Gateway စီမံကိန်း သည် ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုစသည့် တိုင်းတာမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် မည်သည့်မိတ်ဖက်နိုင်ငံကိုမဆို ပူးပေါင်းပါဝင်ရန် အခွင့်အ‌ရေး ပေးထားသည် ဟု EU က တရားဝင်ထုတ်ပြန်ထားသည်။

“ Belt and Road နဲ့ Global Gateway တို့ကြား ပူးပေါင်းဆောင်ရွက်မှု ကို ကျွန်တော် မတွေ့မိပါဘူး။ ဒါက ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက် လို့ ကျွန်တော် မထင်ပါဘူး” ဟု ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ EU အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

"အကြီးဆုံး စီမံကိန်းဖြစ်တဲ့ Global Gateway နဲ့ တပ်တူညီတဲ့ စီမံကိန်း မရှိပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့မှာ မတူကွဲပြားတဲ့ သဘောထား အယူအဆ ရှိပါတယ်။ ဒီစီမံကိန်းက ပွင့်လင်းမြင်သာမှု ရှိပြီး နိုင်ငံတွေကို အကြွေးထောင်ချောက်ထဲ မသွင်းရဆိုတဲ့ အယူအဆတွေ ရှိလို့ပါပဲ" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly