မန္တလေးတွင် လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပြတ်တောက်နေမှုကြောင့် SME လုပ်ငန်းများ ရပ်နားထား ရ

By 007(မဇ္စျိမ)
10 December 2023
မန္တလေးတွင် လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပြတ်တောက်နေမှုကြောင့် SME လုပ်ငန်းများ ရပ်နားထား ရ
ပုံအညွှန်း-မန္တလေးမြို့လယ်ခေါင်မြင်ကွင်းဖြစ်ပါသည်

မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွားပြတ်တောက်နေမှုကြောင့် အသေးစားနှင့် အလတ်စားစက်မှုလက်မှု လုပ်ငန်းများ လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ ယာယီရပ်ထားလိုက်ရကြောင်း သိရသည်။

“တလလောက်ရှိနေပြီ၊ တရက်ကို နှစ်နာရီလောက်ပဲ မီးလာချိန်ရှိတော့တယ်၊ အခု ဆီ(စက်သုံးဆီ) ၀ယ်ရ ခက်တဲ့အခြေအနေမှာ လုပ်ငန်းကမလည်ပတ်နိုင်တော့ဘူး၊ ဒါကြောင့်မို့လို့ရပ်ထားလိုက်တာ” ဟု အသေး စားစက်မှု လုပ်ငန်းရှင်တဦးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် နို၀င်ဘာလလယ်ခန့်မှစ၍ လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပြတ်တောက်မှု နှင့်ကြုံတွေ့ခဲ့ရပြီး ယနေ့အထိ တရက်လျှင် နှစ်နာရီ၀န်းကျင်ခန့်သာ လျှပ်စစ်မီးလာချိန် ရှိတော့သည့် အခြေအနေတွင် ရောက်ရှိနေကြောင်း ဒေသခံများကဆိုသည်။

ယခင်က ရပ်ကွက်များနှင့်စက်မှုဇုန်ကို သီးခြားခွဲထုတ်ပြီး ရပ်ကွက်အလိုက်အလှည့်ကျ လျှပ်စစ်ဓာတ်အား ပေးသည့်စနစ်ဖြင့် ဖြန့်ဖြူးပေးခဲ့ပြီး စက်မှုဇုန်များကိုလည်း အလားတူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“အရင်က လေးနာရီတကြိမ် မီးပေးတော့ နည်းနည်း ပြေလည်သေးတယ်။ မိုးမရွာတော့တဲ့ နောက်ပိုင်းမှာ မီးလာချိန် တအားကြီး နည်းသွားတယ်၊ ကျွန်တော်တို့ဘက်တွေဆို လာတယ်လို့ကို မရှိတော့ဘူး၊ တချို့ နေရာတွေတော့ နှစ်နာရီလောက် မီးရနေသေးတယ်လို့ ကြားတာပဲ၊ ဆိုင်ငါးဆိုင်ရှိတာ တဆိုင်ပဲ အလုပ် လုပ်နိုင်တယ်၊ ကျန်တဲ့ဆိုင်တွေ ပိတ်ထားရတယ်၊ မီးစက်နဲ့ကျတော့ မကိုက်ဘူး” ဟု ဆံသဆိုင်လုပ်ငန်းရှင် အမျိုးသမီးတဦးကပြောသည်။

လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပြတ်တောက်နေမှုကြောင့် နောက်ဆက်တွဲအဖြစ် သောက်သုံးရေ အခက်အခဲများလည်း ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် စတင်ဖြစ်ပေါ်နေကြောင်း သိရသည်။

စစ်ကောင်စီခေါင်းဆောင်က နိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသော အကြီးမားဆုံး စိန်ခေါ်မှုသည် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ဖြစ်ကြောင်း ပြီးခဲ့သည့်ဧပြီလ ၆ ရက်နေ့တွင် ပြောဆိုထားပြီး ၎င်းဦးဆောင် သည့် စစ်ကောင်စီဘက်ကလည်း လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပြတ်တောက်နေမှု၏ အဓိကအကြောင်း ရင်းသည် လျှပ်စစ်တာဝါတိုင်များ ပျက်စီးခြင်းနှင့် ပြင်ဆင်ချိန် ယူရခြင်းတို့ကြောင့်ဖြစ်ကြောင်း မကြာခဏ ပြော ဆိုလေ့ရှိသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly