မုန်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နည်းပါးသွားဟုဆို

By YT(မဇ္ဈိမ)
09 December 2023
မုန်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နည်းပါးသွားဟုဆို
ပုံအညွှန်း- မုန်းမြို့တိုက်ပွဲအတွင်း လက်နက်ချ စစ်ကောင်စီတပ်သားအချို့နှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်များ (ဓါတ်ပုံ- KNU၊ MOD)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှု နည်းပါးသွားသည်ဟု အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

“လက်ရှိ လေကြောင်းတိုက်ခိုက်မှုကတော့ နည်းပါးသွားပါပြီ။ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းကနေ လက်နက်ကြီးပစ်ခတ်မှု တခါတရံရှိတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ် ပျံသန်းမှုရှိနေပြီး လေကြောင်းပစ်ခတ်ခြင်း ယခင်ကကဲ့သို့ မရှိတော့ဘဲ တခါတရံသာရှိတော့သည်ဟုအမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မုန်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်သည့် အခြေအနေသာရှိပြီး မြေပြင်မှ စစ်ကြောင်းထိုးခြင်း၊ စစ်ကူပို့ခြင်းများ မပြုလုပ်နိုင်တော့ကြောင်းလည်း ၎င်းကပြောသည်။

ပုံအညွှန်း- မုန်းမြို့တိုက်ပွဲအတွင်း လက်နက်ချ စစ်ကောင်စီတပ်သားအချို့နှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်များ (ဓါတ်ပုံ- KNU၊ MOD)

"ဖားစည်ဟိန်းသံနှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး" အမည်ဖြင့် KNLA ၊ PDF၊ BPLA မဟာမိတ် ပူးပေါင်းတပ်များက မုန်းမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၉၉)၊ ခမရ (၅၉၀)၊ မုန်းမြို့မ ရဲစခန်း၊ မုန်း-သာစည် တံတားဂိတ်၊ ကော့ပြင်းတပ်စခန်းတို့ကို ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည် ဆိုသည်။

"တိုက်ပွဲထဲမှာ စစ်ကောင်စီဘက်က ၁၀၀ ကျော် သေဆုံးထားပါတယ်။ ဒါက ကျွန်တော်တို့မျက်မြင်ပေါ့နော်။ ဒီထက်လည်း ပိုနိုင်ပါတယ်။ အဓိက မုန်းမြို့ဆိုတာထက် မုန်းဒေသကို ထိန်းချုပ်ထားတဲ့သဘောပါပဲ။ ကျွန်တော်တို့ ဒေသတခုကို ထိန်းချုပ်တယ်ဆိုတာက အဲ့ဒီဒေသတခုရဲ့ အရေးပါတဲ့နေရာတွေကို ကျွန်တော်တို့ စိုးမိုးထားခြင်းဖြစ်ပါတယ်" ဟု အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောသည်။

အဆိုပါ မုန်းမြို့ တိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်အချို့ ထိခိုက်၊ ကျဆုံးမှု ရှိကြောင်းနှင့် စာရင်း အတိအကျအား ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရဲဘော်တင်ဦးက ဆိုသည်။

ပုံအညွှန်း- မုန်းမြို့တိုက်ပွဲအတွင်း လက်နက်ချ စစ်ကောင်စီတပ်သားအချို့နှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်များ (ဓါတ်ပုံ- KNU၊ MOD)

ထို့ပြင် မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများအတွင်း ပူးပေါင်းတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးတဦး၊ ဗိုလ်ကြီးနှစ်ဦး အပါအဝင် အရာခံအကြပ်စစ်သည် ၂၁ ဦး၊ တပ်မိသားစုဝင် ၅၈ တို့ကိုလည်း ကျင့်ဝတ်နှင့်အညီ ထိန်းသိမ်းထားပြီး ဒဏ်ရာရ  စစ်ကောင်စီတပ်သားများကိုလည်း ဆေးကုသမှု အပြည့်အဝ ပေးထားကြောင်း သိရသည်။

မုန်းဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ၏ နေအိမ်၊ အဆောက်အဦအချို့ ထိမှန်ပျက်စီးခြင်းရှိပြီး အဆိုပါတိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မုန်းမြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ကျေးရွာ ၉၅ ရွာမှ ဒေသခံ ၆၈,၄၀၃ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ဒီဇင်ဘာလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly