မူဆယ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားရာ အရပ်သား ၂ဦးထက်မနည်း သေဆုံး၊ ၇ဦး ပြင်းထန်ဒဏ်ရာရ

By ဂျူချန်း (မဇ္ဈိမ)
24 June 2023
မူဆယ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားရာ အရပ်သား ၂ဦးထက်မနည်း သေဆုံး၊ ၇ဦး ပြင်းထန်ဒဏ်ရာရ
ဓါတ်ပုံ-ပေးပို့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ စက်မှုဇုန်လမ်းခွဲတွင် ဇွန်လ ၂၃ ရက်နေ့ ည ၇နာရီခွဲဝန်းကျင်၌ ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခဲ့ရာ အရပ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးအပါအဝင် ခုနစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း​ ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများမှ သိရသည်။

“ကျွန်တော်တို့အဖွဲ့ထင်ပြီး အရပ်သားကားကို ပစ်ခတ်ခဲ့တာပါခင်ဗျ။ အရပ်သား သုံးယောက်လောက်ကျတယ်၊ ဒဏ်ရာရများပါတယ်ခင်ဗျ။ အဲ့ကားသမားကို PDF အထင်နဲ့ဝိုင်းပစ်ကြတာ။ ပြီးမှ အရပ်သားဖြစ်နေမှန်းသိသွားကြတာခင်ဗျ။ အထိခိုက်များတယ် ခုနစ်ယောက်အထက်ပဲ” ဟု မူဆယ်ဗျူဟာ ပြန်ကြားရေးတာဝန်ခံ ကိုဒိုးက မဇ္ဈိမ ကို ပြောသည်။

စစ်ကောင်စီတပ်သား နှင့် ပြည်သူ့စစ် ခုနစ်ဦးကျော် ကင်းစောင့်နေသည့် ကင်းစခန်းတွင် ဇွန်လ ၂၂ ရက်နေ့ ဖြစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာအနီး၌ စစ်ဆေးမှု လုပ်ဆောင်နေစဉ် အရပ်သားကားတစ်စီးကို တားဆီးရာ မရပ်ပေးသဖြင့် ပစ်ခတ်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းပေါ်တွင် သွားလာနေသူများကိုလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံက ပြောသည်။

“ပစ်ခတ်မူက တပ် က တားတာမရပ်လို့ အရပ်သားကား​လျောက်ပစ်တာ၊ မ​နေ့က​(၂၂ရက်နေ့) ဖြစ်ခဲ့တဲ့နေရာမှာ စစ်​ဆေး​ရေးလုပ်တာ မရပ်လို့ လိုက်ပစ်တာနဲ့ ကားကိုထိကုန်တာပါ” ဟု မူဆယ်မြို့ခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ထိခိုက်ဒဏ်ရာရသူများတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးလည်း ပါဝင်ပြီး ၎င်းသည်လည်း ပစ်ခတ်မှုဖြစ်ပွားသည့်အချိန်တွင် သွားလာရင်း ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။ ထို့နောက် သေဆုံးသူများနှင့် ဒဏ်ရာရသူများအား မူဆယ်ဆေးရုံတွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုအပြီး ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဗီဒီယိုရိုက်ကူးနေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးသည် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ပစ်ခတ်ခြင်းရှိ မရှိမေးမြန်းနေပြီး ဒဏ်ရာရသူ အရပ်သားမှာ ပစ်ခတ်ခြင်းမရှိကြောင်း ပြန်ပြောသည်ကို တွေ့ရသည်။ ထို့နောက် ဆေးကုသရန် လိုအပ်နေသည့် ဒဏ်ရာရသူများအား ဆေးကုသခြင်း ဆောင်ရွက်မပေးဘဲ “သေရင်သေပါစေ” ဟု ဆရာကြီးဆိုသူတစ်ဦးက အော်ပြောနေကာ ကျန်သည့် စစ်ကောင်စီတပ်သားနှင့် ပြည်သူစစ်များမှာ ၎င်းတို့အဖွဲ့မှသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံ ပြောဆိုထားသည်ကို ထိုဗီဒီယိုဖိုင်ထဲတွင် တွေ့ရသည်။

ယမန်နေ့ည ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ဇွန်လ ၂၂ ရက် ညနေ ၆ နာရီကျော်အချိန်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် လုံထန်ပြည်သူ့စစ်များ စီးနင်းလာသည့်ကား ပစ်ခတ်ခံရ၍ ပြည်သူ့စစ်တစ်ဦး သေဆုံးကာ တစ်ဦးထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required