မူဆယ်၊စယ်လန့်ရွာအနီးတိုက်ပွဲကြောင့် စစ်ရှောင် ၃,၀၀၀ ခန့်ရှိလာ

By ဂျူချန်း (မဇ္ဈိမ)
07 September 2023
မူဆယ်၊စယ်လန့်ရွာအနီးတိုက်ပွဲကြောင့် စစ်ရှောင် ၃,၀၀၀ ခန့်ရှိလာ
ပုံစာ - တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာကြသူများ (Photo-HMS) 

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူအရေအတွက် တိုးလာနေပြီး လူဦးရေ   ၃,၀၀၀ နီးပါး ရှိလာပြီဟု  သိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များသည် စယ်လန့်ကျေးရွာအနီးတွင်း  ပြီးခဲ့သည့် ဩဂုတ်လ ၂၈ရက်နေ့မှစကာတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် စယ်လန့်ကျေးရွာနှင့် နမ့်ကတ်ကျေးရွာမှ ဒေသခံ ၃,၀၀၀ ခန့်သည် မူဆယ်မြို့၊ဟိုနားရပ်ကွက်၊ စွမ်စော်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းများနှင့် နမ့်ခမ်းမြို့နယ်အပြင် တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီမြို့ရှိ ဆွေမျိုးအိမ်များတွင် တိမ်းရှောင်နေရကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားရာနေရာသည် တရုတ်နယ်စပ်နှင့် နီးသည်ဟု ဒေသခံများကပြောသည်။

" အခက်အခဲတွေကတော့ များတယ်ဗျာ။ စစ်တပ်ကလည်း ရွာထဲမှာတပ်စွဲထားတုန်းပဲ။ တအာင်းအဖွဲ့တွေလည်း ရှိနေပြီး စစ်ရေးတင်းမာနေတုန်းပဲ"ဟု စစ်ဘေးရှောင်တဦးကပြောသည်။

စစ်ဘေးရှောင်များနေရပ်ပြန်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများက  ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် အကြောင်းကြားလာသည်ဟု သိရသည်။  စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် ဒေသခံများ  မပြန်ရဲကြသေးပေ။ 

“နေရပ်က မပြန်ရသေးဘူး။ သူတို့ မူဆယ်မှာပဲ ခိုနေကြရတယ်ပေါ့နော်။ မူဆယ်၊ဟိုနားဘုန်းကြီးကျောင်းထဲမှာနဲ့ သူတို့ ဆွေမျိုးသားချင်းရပ်ကွက်တွေမှာ ခိုနေကြတုန်းပဲ” ဟု မူဆယ်မြို့ခံတဦးက မဇ္ဈိမ ကိုပြောသည်။

စယ်လန့်ကျေးရွာထဲတွင် စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက်ခံတပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ကတ်ကျေးရွာမှ နေအိမ်နှစ်လုံး၊ ဘုန်းကြီးကျောင်းအဆောက်အဦတခု ၊ စယ်လန့်ကျေးရွာမှ နေအိမ်တလုံးနှင့် မူကြိုကျောင်းထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။ 

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈နာရီခွဲခန့်တွင်လည်း မူဆယ်မြို့နယ်၊တာလုံကျေးရွာအနီးတွင် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLA တိုက်ပွဲဖြစ်ပွားခဲ့သည်။  ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာတိုက်နယ်ရှိ စစ်ကောင်စီတပ် ခလရ(၁၂၃) မှ လက်နက်က်ြီး ၁၇ ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့အထိ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLA တိုက်ပွဲ ၃၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required